တပ်မတော်နှင့် လက်တွဲပြီး ၂၀၂၀ ကာလကိုကျော်ဖြတ်ကြရန် ပြည်သူလူထုကို ကာချုပ်တိုက်တွန်း
DVB
·
January 1, 2020
မိဘပြည်သူတွေအနေနဲ့ တပ်မတော်နဲ့လက်တွဲပြီး ၂၀၂၀ ကာလကို ကျော်လွန်ဖြတ်ကျော်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာမှာ တပ်မတော်အကြီးအကဲက တိုက်တွန်း ပြောကြားသွားတာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က စပြီး မြန်မာနိုင်ငံအနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တာ ၉ နှစ်တာ ကာလကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်၊ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် အောင်မြင်တာတွေ ရှိသလို အခက်အခဲတွေကို ကျော်လွှားခဲ့ရတာတွေလည်း ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
“၂၀၂၀ ပြည့်နှစ်ဟာ နိုင်ငံအတွက် ငြိမ်းချမ်းရေးအတွက် သော်လည်းကောင်း၊ နိုင်ငံရေးအတွက်သော် လည်းကောင်း အရေးပါတဲ့နှစ်တစ်နှစ်ဖြစ်တယ်၊ တပ်မတော်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားပါမယ်၊ မိဘ ပြည်သူများကလည်း အစစအရာရာချင့်ချိန်သုံးသပ်ပြီးတော့မှ တပ်မတော်နဲ့လက်တွဲပြီး ဒီ ၂၀၂၀ ကာလကိုလည်း ကျော်လွန်ဖြတ်ကျော်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။” လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှစ်သစ် ဆုတောင်းစကား ပြောကြားသွားပါတယ်။