Homeမြန်မာသတင်း
ရပ်စောက်မြို့နယ်၌ ရွာသစ်တည်မည့် မြေအား ရောင်းစားသွားသည့် မြေစာရင်းဝန်ထမ်း ၃ ဦးကို အရေးယူပေးရန် ဆန္ဒပြတောင်းဆို
ရပ်စောက်မြို့နယ်၌ ရွာသစ်တည်မည့် မြေအား ရောင်းစားသွားသည့် မြေစာရင်းဝန်ထမ်း ၃ ဦးကို အရေးယူပေးရန် ဆန္ဒပြတောင်းဆို
DVB
·
December 31, 2019
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ကန်တော်ရွာရှိ ရွာအသစ်တည်မယ့် မြေဧက ၁၀၀ ကျော်ကိုရောင်းစားသွားခဲ့တဲ့ ရှမ်းပြည်နယ်မြေစာရင်းဌာနက အငြိမ်းစား ခရိုင်ဦးစီးမှူးအပါအဝင် ၃ ဦးကို အရေးယူပေးဖို့ ဒီဇင်ဘာ ၃၀ ရက်က ကျေးရွာနေပြည်သူတွေက ဆန္ဒပြ တောင်းဆိုကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ရောင်းစားသွားတဲ့ အငြိမ်းစားမြေစာရင်းဝန်ထမ်းတွေကို အရေးယူပေးဖို့နဲ့ ရွာမြေကိုပြန်ပေးဖို့ဆိုပြီး ကန်တော်ရွာကန်ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအထိ စီတန်း ကြွေး ကြော်ခဲ့ဆန္ဒပြခဲ့ကြတာပါ။
အဲဒီမြေဟာ ကန်တော်ရွာသစ်တည်ဆောက်ဖို့အတွက် အစိုးရက ၂၀၁၄ ခုနှစ်က ချထားပေးခဲ့တာဖြစ်ပြီး အငြိမ်းစားခရိုင်မြေစာရင်းမှူး ၊ ပြည်နယ်မြေစာရင်းမှူးနဲ့ မြို့နယ်မြေစာရင်းမှူးတို့က ရောင်းစားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမြေတွေကိုရောင်းစားခဲ့တဲ့အတွက်ကြောင့် စိုက်ပျိုးထားတဲ့သီးနှံတွေ ဖျက်ဆီးခံခဲ့ရတဲ့အပြင် ဝင်ရောက်လုပ်ကိုင်ခွင့်လည်းဆုံးရှုံးခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
လက်ရှိကန်တော်ရွာသူရွာသားတွေအနေနဲ့ ၈၅ ဧက ခန့်ကျယ်ဝန်းတဲ့ ကန်တော်ကန်ရဲ့ အနောက်ဘက်ကမ်းမှာ အိမ်ခြေ ၂၀၊ မြောက်ဘက်မှာ ၁၁ အိမ်၊ တောင်ဘက် ၁၉ အိမ်နဲ့ ကန်ပြင်ပ ၅ အိမ် စုစုပေါင်း အိမ်ထောင်စု ၇၀ ၊ လူဦးရေ ၂၄၀ လောက် တကွဲတပြားစီ နေထိုင်နေကြရပါတယ်။
ခွန်ရာဇာ