Homeမြန်မာသတင်း
တိုင်းပြည် မငြိမ်းချမ်းမှ စီးပွားဖြစ်မည့်သူများက ငြိမ်းချမ်းရေးကို နည်းမျိုးစုံဖြင့်ဖျက်ဆီးနေဟု မကွေးတိုင်း ဝန်ကြီးချုပ်ပြော
တိုင်းပြည် မငြိမ်းချမ်းမှ စီးပွားဖြစ်မည့်သူများက ငြိမ်းချမ်းရေးကို နည်းမျိုးစုံဖြင့်ဖျက်ဆီးနေဟု မကွေးတိုင်း ဝန်ကြီးချုပ်ပြော
DVB
·
December 31, 2019
တိုင်းပြည်မငြိမ်းချမ်းမှ စီးပွားဖြစ်၊ အလုပ်ဖြစ်မယ့်သူတွေက ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ ဖျက်ဆီးမှာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၂၉ ရက် မနက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့ စိမ်းလဲ့ရတနာခန်းမမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ၃ ဒေါက်တာ အောင်မိုးညိုနဲ့ မိုးညှင်းခရိုင်၊ မြို့နယ်အသီးသီးမှ ပါတီဝင်တွေ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။
“ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဒီလောက်ဆင်းရဲမွဲတေနေတဲ့ကြားထဲက လုပ်ပေးနေတယ်။ ပြည်တွင်းငြိမ်းချမ်းရေးသာရမယ်ဆို ဒါထက်ငြိမ်းချမ်းအောင်ကြိုးစားမယ်။ ဒါပေမဲ့ မငြိမ်းချမ်းမှ စီးပွားဖြစ်မယ့်သူ၊ အလုပ်ဖြစ်မယ့်သူ၊ လူရာဝင်မယ့် သူကတော့ ဘယ်ငြိမ်းချမ်းချင်မှာတုန်း။ နည်းမျိုးစုံနဲ့ ဖျက်ဆီးနေမှာပေါ့။ အင်မတန်ကို အကုသိုလ်ကြီးပါတယ်။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ဝိုင်းကြဝန်းကြပြီး ၂၀၂၀ ရွေးကောက်ပွဲဆီ သွားကြမယ်။ သက်တမ်း တခုထဲနဲ့တော့ ပါတီတခုရဲ့လုပ်ငန်းစဉ်တွေ ပြီးပြည့်စုံမှာ မဟုတ်ဘူး” လို့ ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မိုးညှင်းခရိုင် မြို့နယ်အသီးသီးမှပါတီဝင် အင်အား ၃၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။
သတင်း- မုန်းမုန်းမင်း