A d v e r t i s e m e n t With Us

နိုင်ငံခြားသတင်းထောက်များကို ဗီဇာ ၃ လ ပေး

မြန်မာနိုင်ငံကို ၀င်ရောက်သတင်းယူတဲ့ နိုင်ငံခြားသားသတင်းထောက်တွေကို ဒီနှစ်ဆန်းပိုင်းကစလို့ ကနဦးအခေါက်မှာ ဗီဇာသက်တမ်း ရက်ပေါင်း ၉၀ စတင်ထုတ်ပေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က   “လက်ရှိ ၃ လအထိ ပေးနေတယ်။ ပထမအကြိမ် စ၀င်ဝင်လာချင်းပေးနေပါတယ်။ ရက် ၉၀ ထိ ပေးနေတယ်။ အရင် ၇ ရက်လောက်ပဲပေးတာ။ အခု ၂၀၁၃ ကစပြီး ၃ လလောက်ပေးနေတာ ရှိတယ်။ သူတို့ သဘောကျကြတယ်။ ပထမအကြိမ် ရက် ၉၀ ပြီးရင် နောက်ထပ် ရက်တိုးချင်ရင် နိုင်ငံခြားရေးဌာနကို ကျနော်တို့ ထောက်ခံပေးပါတယ်” လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြတဲ့ အေပီသတင်းတပုဒ်မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က လာမယ့် ဧပြီလလယ်ပိုင်းလောက်ကျရင် သက်ရောက်မှုရှိတော့မယ့် ဥပဒေအရဆိုရင် နိုင်ငံခြားသတင်းထောက်တွေဟာ နိုင်ငံတွင်းမှာ ၁ နှစ်ကျော်ထိ နေထိုင်နိုင်မယ့် အချက်တွေ ပါဝင်တယ်လို့ သည်ဂါးဒီယန်းသတင်းစာရဲ့ မေးမြန်းချက်မှာ ထည့်သွင်း ဖြေဆိုခဲ့ပါတယ်။ နိုင်ငံခြားသတင်းထောက်တွေအနေနဲ့ အစိုးရဘက်က တရားဝင်ခန့်အပ်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းခွင့်ရဖို့ ဂျာနယ်လစ်ဗီဇာနဲ့ ၀င်ရောက်မှသာ မေးမြန်းခွင့်ရဖို့ သေချာကြောင်းလည်း ဦးရဲထွဋ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဦးရဲထွဋ်ကို ဒီဗွီဘီက တိုက်ရိုက် မေးမြန်ခွင့်ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားသတင်းထောက်တွေ ဗီဇာ ရက်တိုးပေးမယ့် အစီအစဉ် ပြောဆိုချက်နဲ့ ပတ်သက်လို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်ကို မေးမြန်းရာမှာ ဒီအစီအစဉ်ကိုတော့ သူ့အနေနဲ့ မသိရှိသေးကြောင်းနဲ့ ၀န်ကြီးအဆင့်က ပြောဆိုတာဖြစ်လို့ ဖြစ်နိုင်ချေကို ပြောတာဖြစ်မှာပါလို့ ဖြေပါတယ်။ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး ကမ္ဘာပေါ်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် ချိုးဖောက်တဲ့ နာမည်ပျက်နိုင်ငံစာရင်းမှာ ရှိနေရာက အစိုးရသစ်လက်ထက်မှာ ဖြေလျှော့မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up