Home
မေးမြန်းခန်း
ပြည်တွင်းငြိမ်းချမ်းရေးကို ဗမာ့တပ်မတော်သာ အကောင်ထည်ဖော်နိုင်မည်- ပဒိုမန်းငြိမ်းမောင်
ရွှေအောင်
·
February 13, 2013
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ တကယ်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူဟာ ဗမာ့တပ်မတော်သာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ ကေအန်ယူ၊ ကေအန်အယ်အေ၊ အက်စ်အက်စ်အေနဲ့ စီအန်အက်ဖ် စတဲ့ အပစ်အခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတတို့ နေပြည်တော်က သမ္မတလယ်တဲအိမ်မှာ ဒီနေ့ တွေ့ဆုံရာမှာ သူက အခုလို ဆွေးနွေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ပေးခဲ့ချင်ကြောင်း ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ ပဒိုမန်းငြိမ်းမောင်နဲ့ ဆက်သွယ်မေးမြန်းချက် သမ္မတက တွေ့ဆုံရာမှာ ဘာတွေပြောပါလဲ။ [caption id="attachment_36406" align="alignleft" width="150" caption="ပဒိုမန်းငြိမ်းမောင်နဲ့ သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ- U Hla Maung Shwe)"][/caption] “တိုင်းရင်းသားညီအစ်ကိုတွေ ကွဲကွာနေရာကနေ ပြန်လည်ဆုံတွေ့ကြတယ်လို့ သဘောထားတယ်။ တိုင်းပြည်ထဲ တစုတစည်းထဲအောက်မှာ စည်းလုံးညီညွတ်ဖို့ဆိုရင် တဦးကို တဦး စာနာမှု၊ ထောက်ထားမှု၊ ခွင့်လွှတ်သည်းခံမှုဆိုတာတွေနဲ့ အဲဒီနည်းလမ်းသာလျှင် ရှေ့သွားမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတို့မှာ ဒါသာလျှင် အကောင်းဖြစ်တယ်လို့ သမ္မတကြီးက အမိန့်ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဒီလိုတွေ့ဆုံခြင်းဟာ ယုံကြည်မှုတည်ဆောက်မှုကို ပိုအကျိုးဖြစ်တယ်။ ဒီတိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးဟာ နိုင်ငံချစ်စိတ်က လူမျိုးတိုင်းမှာရှိတယ်။ နိုင်ငံချစ်စိတ်က ပြည်ထောင်စုစိတ်ဓာတ်ပဲဆိုတာ အဓိကထား ပြောသွားတယ်။ နိုင်ငံတော်ကို ကာကွယ်ရာမှာလည်း တိုင်းရင်းသားတွေ အားလုံး တစည်းတလုံးတည်း ကာကွယ်ဖို့၊ တိုင်းပြည်တည်ဆောက်ရေးလုပ်ဖို့အတွက် အဓိကထား ပြောသွားတယ်။ ကျနော်တို့က လက်နက်ကိုင်ပဋိပက္ခတော့ ရှေ့လျှောက်မှာအဆုံးသတ်ပြီး သမ္မတကြီးလက်ထက်မှာ ကျနော်တို့လက်ထက်မှာ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးခဲ့ချင်တယ်။ မကောင်းတဲ့ဆိုးမွေတွေကို နောင်မျိုးဆက်တွေ၊ နောင်လာနောင်သားတွေကို မပေးခဲ့ချင်တော့ဘူး။ သမ္မတကြီးနဲ့ ၂ ကြိမ်ရှိပြီ တွေ့တာ။ အဲစကားကို ကြုံတိုင်း ပြောတဲ့စကားဖြစ်တယ် ဆိုတာကို သတိထားမိတယ်။ သမ္မတကြီးပြောတာ တကယ့်ကို ရင်ထဲက ပြောတဲ့စကားလို့ ခံစားမိတယ်။ ” အခု ပြဿနာတက်နေတဲ့ ကေအိုင်အေ၊ ကေအိုင်အိုကိစ္စနဲ့ ပတ်သက်လို့ရော ဘာများပြောသွားသေးလဲ။ ကေအိုင်အေကိစ္စလည်း ပြောပါတယ်။ အများကြီး နားလည်မှုရလာတယ်။ တိုင်းရင်းသားတွေလည်း အများကြီး ၀န်းရံပြီးတက်ရောက်လာတဲ့အတွက်။ အဲမှာ နောက်ဆုံးဝင်လာတဲ့ ကြေးနန်းတွေ ရတယ်။ မနက်ပိုင်းကလည်း ၀န်ကြီးတွေနဲ့ တွေ့တယ်။ အပျက်အစီးတွေ သူတို့ ဖတ်ပြတယ်။ တချို့နေရာတွေမှာ ဗမာ့တပ်မတော်က တပ်ဖွဲ့တွေရော၊ ကေအိုင်အေက တပ်ဖွဲ့တွေရော ဆုံကြတာ ရှိတယ်။ ဆုံကြပြီးတော့ တဦးနဲ့တဦး အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဖက်တပ်မှူးတွေက ဓာတ်ပုံရိုက်ကြဆိုပြီး ကြေးနန်းတွေ ၀င်လာတယ်။ တပ်ဖွဲတွေ၊ တပ်မှူးနာမည်တွေရော ကြေးနန်းတွေဖတ်ပြတယ်။ ကေအိုင်အေ ဒေသနဲ့ ပတ်သက်ပြီး အလားအလာ အများကြီးကောင်းတယ်ဆိုတာ ၀န်ကြီးတွေကလည်း ပြောတယ်၊ သမ္မတကြီး ကိုယ်တိုင်လည်း ပြောပါတယ်။ အန်ကယ်က ဘာပြန်ဆွေးနွေးခဲ့လဲ။ ဒီနေ့ ကျနော်တို့ တိုင်းပြည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ သမ္မတ ဦးဆောင်ပြီး ဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ တကယ်လက်တွေ့အကောင်ထည်ဖော်ပြီး လုပ်နိုင်တာ ဗမာ့တပ်မတော်သာလျှင်ဖြစ်တယ်ဆိုပြီး ကျနော်က တင်ပြတယ်။ ဘာလို့လဲဆိုတော့ ဗမာ့တပ်မတော်ဟာ တိုင်းရင်းသားဒေသအသီးသီးမှာ တောကြိုတောင်ကြားအနှံ့ တိုင်းရင်းသားလူမျိုးတွေနဲ့ အနီးကပ် ဆက်ဆံတဲ့အခါကျတော့ နိုင်ငံတော်ရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေကို တပ်မတော်က လက်တွေ့ပိုပြီး စွမ်းဆောင်နိုင်တယ်။ အဲဒါကြောင့် ဒီတပ်မတော်ဟာ တိုက်ခိုက်ရေး တပ်မတော်ကနေပြီး စည်းရုံးရေး တပ်မတော်ဖြစ်ဖို့ ကျနော်အကြံပြုခဲ့တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024