လူ ၃ ဦးကို နင်းသတ်ခဲ့သည့် ဆင် ၁ ကောင်ကို ဖမ်းဆီး၊ ဆင်ဘေးရှောင်ရွာသားများအိမ်ပြန်
DVB
·
December 30, 2019
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ညောင်ထောက် အောက်ရွှေကျင်ကျေးရွာမှာ မုန်ယိုပြီး လူ ၃ ဦးကို နင်းသတ်ထားတဲ့ အောင်ပုအမည်ရှိ ဆင်တကောင်ကို မြန်မာ့သစ်လုပ်ငန်း ဆင်ဖမ်းအဖွဲ့က မေ့ဆေးသေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးကာ ထူးခတ်နိုင်ခဲ့ပါတယ်။
အဆိုပါဆင်ဟာ မုန်ယိုပြီး ဒီဇင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အတွင်း ဆင်ဦးစီး နှစ်ဦးနဲ့ ရွာသားတဦးကို နင်းသတ်ထားတဲ့ ဆင်ဖြစ်ဖြစ်ပြီး မေ့ဆေးသေနတ်နဲ့ ဖမ်းဆီးစဉ်မှာလည်း နောက်ထပ် လေး ယောက်မြောက်ဆင်ဦးစီးတယောက် ဆင်နင်းခံရလို့ ဒဏ်ရာရသွားခဲ့တာပါ။
ဆင်အောင်ပုကို ဒီဇင်ဘာ ၂၉ ရက် မနက် ၉ နာရီလောက်က စတင်ပြီး မြန်မာ့သစ်လုပ်ငန်း ဆင်ဖမ်းအဖွဲ့က ကွမ်ဂျီဆင် ၃ ကောင်နဲ့ မေ့ဆေးသေနတ်တွေနဲ့အတူ သွားရောက်ဖမ်းဆီးခဲ့ကြရာ ညနေ ၃ နာရီလောက်မှာ မေ့ဆေး သေနတ်နဲ့ ၃ ချက်ပစ်ခတ်ပြီး ဆင်ကို ဖမ်းဆီး ထူးခတ်နိုင်ခဲ့ပါတယ်။
မိုးညှင်းမြို့နယ်သစ်တောဦးစီးမှူး ဦးဝင်းခိုင်ဖြိုးက “ဒီလို ဆင်အောင်ပုကို ဖမ်းဆီးစဉ်မှာ ကွမ်ဂျီဆင်ဦးစီး ကိုသိန်းထွန်းဟာ အောင်ပုရဲ့ထိုးနက်တာကြောင့် ဆင်ပေါ်ကပြုတ်ကျပြီး ညာ လက်ကျိုးသွားတယ်။ ဝမ်းဗိုက်ကို ဆင်နင်းခံထိထားလို့ မြစ်ကြီးနားဆေးရုံကိုပို့ထားပါတယ်။ ဆင်အောင်ပုကိုတော့ သံကြိုးတွေချည်ပြီး ထူးခတ်ထားနိုင်ပါပြီ။ မုံယိုတာကျသွားတဲ့အထိ ထူးခတ်ပြီး ထိမ်းသိမ်းထားမှာပါ” လို့ ပြောပါတယ်။
အဆိုပါဆင်ကို ထိန်းသိမ်းနိုင်ပြီဖြစ်လို့ မိုးညှင်းမြို့နယ်၊ ညောင်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဆင်ဘေးရှောင်စခန်း ဖွင့်လှစ်ကာ ရောက်ခိုလှုံနေကြရတဲ့ ညောင်ထောက် အောက်ရွှေကျင်ကျေးရွာက မိသားစုတွေ စုစုပေါင်း လူဦးရေ ၄၇ ဦးတို့ ရွာကို ပြန်ကြဖို့ စီစဉ်နေပါတယ်။