Homeမြန်မာသတင်း
အေအေ ပစ်ခတ်မှုကြောင့် မဟာကံကြီးသျှင်ဘုရားမုခ်ဦး ပျက်စီး၊ အရပ်သားများ ဒဏ်ရာရဟု တပ်မတော်ထုတ်ပြန်
အေအေ ပစ်ခတ်မှုကြောင့် မဟာကံကြီးသျှင်ဘုရားမုခ်ဦး ပျက်စီး၊ အရပ်သားများ ဒဏ်ရာရဟု တပ်မတော်ထုတ်ပြန်
DVB
·
December 30, 2019
အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်းရှိ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့သလို မဟာကံကြီးသျှင်ဘုရားရှိ သာသနိကအဆောက်အအုံတွေ ထိခိုက် ပျက်စီးသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းတွေက နယ်မြေဒေသ လုံခြုံရေး ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ အေအေအဖွဲ့က မြို့တွင်းရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း အနီး၊ ကျောက်တော်ကားကွင်းအနီးနဲ့ လျှပ်စစ်ဓာတ်အားပေးရုံ နေရာတို့ကနေ ပြည်သူလူထု နေအိမ်တွေကို အကာအကွယ်ရယူပြီး ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်သတင်းမှာ ရေးပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့အတွင်းရှိ လူနေရပ်ကွက်တွေထဲနဲ့ မဟာကံကြီးသျှင် ဘုရားနားကို လက်နက်ကြီး ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ အမျိုးသမီး တဦးနဲ့ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် မဟာကံကြီးသျှင် ဘုရားမုခ်ဦးနဲ့ သာသနိက အဆောက်အအုံတွေကိုပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အလားတူ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာလည်း အေအေအဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဗုံးသီးတွေ ကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အရပ်သား ၆ ဦးကိုလည်း အမ်းမြို့ရှိ တပ်မတော်ဆေးရုံမှာ ဆေးဝါးကုသပေးမှုပေးနေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်အတွင်းတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(အေအေ)တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲကာလအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု ရာနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
တချို့ ဖြစ်စဉ်တွေမှာတော့ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ရွာသားတွေ ထိခိုက်သေဆုံးရတာ ရှိတယ်လို့ ဒေသခံရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဓာတ်ပုံ- CINCDS