မြန်မာစစ်သင်္ဘောများ ထိုင်းပင်လယ်ကမ်းခြေကို လာရောက်မည်

မြန်မာ့တပ်မတော် ရေတပ်က စစ်သင်္ဘော ၂ စင်းဟာ လာမယ့်သီတင်းပတ်ကျရင် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ဆိပ်ကမ်းကို လာရောက်လည်ပတ်မယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လာရောက် လည်ပတ်တာလို့ ဆိုပါတယ်။ ယူအမ်အက်စ် ၅၆၁ နဲ့ ၅၆၂ မြန်မာစစ်သင်္ဘော ၂ စင်းဟာ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၃ ရက်နေ့ထိ ဖူးကက်မှာ ရှိနေမှာဖြစ်ပြီး ထိုင်း အမှတ် ၃ ရေတပ်အရာရှိတွေက ကြိုဆိုမယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်ဟာ မြန်မာစစ်သင်္ဘောတွေအဖို့ ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် လာရောက် လည်ပတ်မှုလည်း ဖြစ်ပါတယ်။
အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားရေးသားတဲ့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီခရီးဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံရေတပ်ဖွဲ့တွေအကြား ကောင်းမွန်တဲ့လက္ခဏာဖြစ်ပြီး မြန်မာနိုင်ငံဘက်က ပိုမိုပွင့်လင်းလာတာကို ပြသတာလို့ ဆိုပါတယ်။
နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ပြောဆိုကြမှာဖြစ်သလို ပူးတွဲရေတပ် ကင်းလှည့်ဖို့ ကိစ္စလည်း ဆွေးနွေးနိုင်ပါတယ်လို့ ဆိုပါတယ်။
သတင်းရင်းမြစ်အဆိုအရ မြန်မာရေတပ်အကြီးအကဲဟာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ဖို့ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှာ ထိုင်းရေတပ်အကြီးအကဲကို တွေ့ဆုံဖို့ ရှိတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။
အစိုးရသစ် တက်လာပြီးနောက် မြန်မာစစ်တပ်က ဒေသတွင်းမှာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နေရာမှာ လက်ရှိ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ရွှေမြွေဟောက် (Cobra Gold) နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုမှာလည်း မြန်မာစစ်တပ်က အရာရှိတွေ ပထမဆုံးအကြိမ် လေ့လာသူအဖြစ် ပါဝင်တက်ရောက်နေပါတယ်။