ဂူတာပြင်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တရားရုံးဖြင့် ၅ ကြိမ် ရုံးထိုင် စစ်ဆေးပြီးစီး
DVB
·
December 30, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ လူတစု သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တရားရုံးနဲ့ ၅ ကြိမ် ရုံးထိုင်စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဂူတာပြင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးစီရင်ဖို့အတွက် တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေတွေနဲ့ အညီ ဖွဲ့စည်းထားတဲ့ စစ်တရားရုံးဟာ နိုဝင်ဘာ ၂၆ ရက်ကစပြီး ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်မှာ ရုံးထိုင်စစ်ဆေးခဲ့ပြီး သက်သေတွေ စစ်မေးမှုကို စစ်တရားရုံးမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ခုံရုံး စုစုပေါင်း ၅ ကြိမ် ရုံးထိုင်စစ်ဆေးခဲ့ရာမှာ စွပ်စွဲခံရသူတွေအပေါ် တရားလိုဘက်အရာရှိက တင်သွင်းတဲ့ တရားလိုဘက် တပ်မတော်သား သက်သေတွေနဲ့ အရပ်သား သက်သေတွေကို စစ်ဆေးဆောင် ရွက်ခဲ့ပြီးတယ်။ ကျန်ရှိနေတဲ့ နှစ်ဖက် သက်သေတွေကို စစ်တရားရုံးမှာ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမယ်လို့လည်း တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ စစ်ခုံရုံးရဲ့ စစ်ဆေးမှုတွေကို ဒေသခံ စုစုပေါင်း ၂၆၄ ဦး တက်ရောက် လေ့လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် သတင်းမီဒီယာတွေကတော့ သတင်းယူခွင့်မရရှိခဲ့ပါဘူး။
၂ဝ၁၇ ဩဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်တွေအပြီးမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုအတွင်း သေဆုံးခဲ့တဲ့ ရာနဲ့ချီတဲ့ လူတွေရဲ့ ရုပ်အလောင်းတွေကို ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာနားမှာ မြှုပ်ထားတယ်လို့ အေပီ သတင်းဌာနက ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်က သတင်းထုတ်ခဲ့တာဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော်နည်းဥပဒေတွေအရ ဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး(Court of Inquiry)ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့မောင်တောနယ်မြေကို နှစ်ကြိမ်တိုင်တိုင် သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးခဲ့တဲ့ ၂ ကြိမ်အတွင်း တွေ့ရှိချက်တွေအရ ဂူတာပြင်ရွာ ဖြစ်စဉ်တချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းခဲ့တာကြောင့် စစ်စည်းကမ်းအရ အရေးယူဖို့ အခြေအနေ ပေါ်ပေါက်နေတာကို တွေ့ရတယ်လို့လည်း တပ်မတော်ဘက်က ပြောထားပါတယ်။