ဗိုလ်ချုပ်အောင်ဆန်း ၉၈ နှစ်မွေးနေ့နှင့် ကလေးများနေ့ ကျင်းပ
DVB
·
February 13, 2013
ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်မြောက် မွေးနေ့နဲ့ ကလေးများနေ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်-မန္တလေးမှာရော၊ ထိုင်း-မြန်မာနယ်စပ် ဒေသတွေမှာပါ ဒီနေ့မနက် ကျင်းပခဲ့ပါတယ်။
ရန်ကုန်မြို့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ်မှာ ကလေးများနေ့ကို ကလေးပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မိန့်ခွန်းပြိုင်ပွဲနဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စပ်ဆိုထားတဲ့ အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း သီချင်းဆိုပြိုင်ပွဲတွေနဲ့ အတူကျင်းပခဲ့တာပါ။
ဒီပွဲမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ပေမယ့် ကလေးတွေကို နှုတ်ခွန်းဆက် မိန့်ခွန်း ပေးပို့ခဲ့တယ်လို့ အန်အယ်လ်ဒီ အမျိုးသမီးအဖွဲ့ဝင် ဒေါ်အေးမာက ပြောပါတယ်။
“အန်တီပြောတာကတော့ ဗိုလ်ချုပ်က ၉၈ နှစ်ပြည့်ပြီဆိုတော့ လူကြီးများနေ့တောင် ကျင်းပလို့ရတယ်ပေါ့လေ၊ ဒါဆိုပိုတောင် သင့်တော်မယ်ဆိုပြီး ရယ်ရယ်မောမောနဲ့ပြောတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ရဲ့သဘောထားအယူအဆတွေဟာ လူကြီးတွေကလိုက်နာဖို့ပိုပြီးသင့်မြတ်တယ်တဲ့။ ဒါပေမယ့် ကလေးတွေအတွက်လည်းပိုပြီးသင့်တော်ပါတယ်တဲ့။ ကလေးတွေရဲ့ အနာဂတ်အတွက် ဗိုလ်ချုပ်ရဲ့ စိတ်နေသဘောထား၊ ရိုးသားဖြောင့်မတ်မှုတွေကို ကလေးတွေအနေနဲ့ အခုအချိန်ကစ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက်ပိုကောင်းမယ်၊ ဘ၀မှာ ပိုကောင်းမွန်မယ်ဆိုတဲ့ သဘောမျိုး ပြောပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကလည်း တော်ဝင်နှင်းဆီမှာ အခြေခံပညာ အထက်တန်းကျောင်း ၄၉ ကျောင်းအတွက် ပညာရေးထောက်ပံ့ကူညီပေးမှုတွေနဲ့ တက္ကသိုလ်ပညာသင်ဖို့ အခက်အခဲတွေ့နေတဲ့ ကျောင်းသား ၇ ဦးကို ပညာသင်ဆုတွေ ပေးအပ်ခဲ့ပါတယ်။
မန္တလေးမြို့ မှာတော့ မဟာအောင်မြေမြို့နယ် မနော်ရမ္မာန်ဥယျာဉ် အတွင်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို သွားရောက် ဂါရ၀ပြုတာ၊ မစိုးရိမ် ကျောင်းတိုက်မှာ ဗိုလ်ချုပ်မွေးနေ့နဲ့ ကလေးများနေ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပခဲ့ရာမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လိုင်ဇာအထိ ခရီးရှည်လမ်းလျှောက်သူတွေလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
ခရီးရှည်လမ်းလျှောက်ရာမှာပါဝင်သူ တဦးဖြစ်တဲ့ ကိုမင်းဌေးက “ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့်၊ လေးစားသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်တွေမြှင့်တင်နိုင်ဖို့၊ ဗိုလ်ချုပ်လို ရိုးသားဖြူစင်ဖို့ ကလေးများနေ့ကို ကျင်းပတယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့လည်း ဖြစ်လို့ ကျနော်တို့ မန္တလေးက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အလေးသွားပြုပါတယ်” လို့ ပြောပါတယ်။
အလားတူ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေရဲ့ကလေးငယ်တွေရဲ့ စာသင်ကျောင်းတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ ကလေးများနေ့ အခမ်းအနားတွေ ကျင်းပသွားပါတယ်။