မီးလောင်မှုဖြစ်ခဲ့သည့် လျှပ်စစ်မီးကုမ္ပဏီ ချေးငွေရရေး ကူညီမည်ဟု မွန်ဝန်ကြီးချုပ်ပြော
DVB
·
December 29, 2019
မွန်ပြည်နယ် ရေးမြို့နယ်မှာ ပုဂ္ဂလိကပိုင် မီးဖြန့်ဖြူးရေးစက် မီးလောင်ခဲ့တာကြောင့် မီးအမြန်ဆုံးပြန်ပေးနိုင်ဖို့ မီးဖြန့်ဖြူးနေတဲ့ မြတ်သူရကုမ္ပဏီကို ချေးငွေရရေး ကူညီမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က မီးလောင်မှုဖြစ်ပွားရာကို ဝန်ကြီးချုပ် ဦးဆောင်တဲ့ အဖွဲ့ လာရောက် စစ်ဆေးစဉ် အခုလိုပြောဆိုခဲ့တာပါ။
လတ်တလော ပြည်သူတွေကို ရာနှုန်းပြည့်ပေးဖို့ အခက်အခဲရှိနေတဲ့အတွက် အဆင်သင့်သလို အလှည့်ကျပေးဖို့ မှာကြားခဲ့တယ်လို့ မြတ်သူရကုမ္ပဏီ တာဝန်ရှိသူက ပြော ပါတယ်။
အချိန်ပြည့်မီးရဖို့ ကုမ္ပဏီအနေနဲ့ မီးစက်အင်ဂျင်တွေကို မှာယူထားပြီး တပ်ဆင်ပြီးရင် ၁လအတွင်း ရာနှုန်းထက်ဝက်ကျော်ကို ပေးနိုင်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မနက်က ရေးမြို့ပေါ် ၉ ရပ်ကွက်နဲ့ ကျေးရွာ ၉ ရွာလောက်မီးဖြန့်ဖြူး နေ တဲ့ မီးစက်ဟာ အပူလွန်ကဲရာကနေ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရေးမြို့ရဲ့ အိမ်သုံးမီးစက်ဈေးဟာ ၆ သောင်းကျော်လောက် မြင့်တက်ခဲ့တာကြောင့် မီးမရသေးတဲ့ ပြည်သူတွေအနေနဲ့ ဝယ်ယူသုံးစွဲဖို့ အခက်တွေ့နေကြပါတယ်။
နေမျိုးထွဋ်