ထိုင်ဝမ် ဥပဒေမူကြမ်း အတည်ပြုရန် အရေးတကြီးလိုအပ်ဟု သမ္မတ ချိုင်အင်းဝမ် ပြော

Photo : REUTERS/Ann Wang
တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းဆီ ထိုးဖောက်ဝင်ရောက်မယ့် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ထိုးဖောက်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းကို အတည်ပြုဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ တရုတ်ရဲ့ အတိုက်အခံပြုမှုကိုလည်း ယုတ္တိမတန်တဲ့ ကြောင်သူတော်လုပ်ရပ်လို့ ပြောဆို ပြစ်တင်ပါတယ်။ ထိုင်ဝမ်ကျွန်းရဲ့ ဒီမိုကရေစီရေးဖြစ်စဉ်နဲ့ နိုင်ငံရေးကို သြဇာလွှမ်းဖို့ တရုတ်ရဲ့ အားထုတ်မှုတွေလို့ ထိုင်ဝမ် ပြည်သူတွေက ရှုမြင်ထားတဲ့ အချက်တွေကို တိုက်ဖျက်ဖို့ ဥပဒေမူကြမ်းကို အချိန်တနှစ်ကြာ အားထုတ် ရေးဆွဲထားတာပါ။ ဇန်နဝါရီ ၁၁ မှာ ကျင်းပမယ့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲနဲ့ လွှတ်တော်အမတ် ရွေးကောက်ပွဲတွေမတိုင်မီ ထိုင်ဝမ်ရဲ့ လက်ရှိ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီက ဒီဥပဒေမူကြမ်းအတွက် စပြီး တွန်းအားပေးနေပါတယ်။ ဒီဥပဒေမူကြမ်းကို လွှတ်တော်အတွင်း ဒီဇင်ဘာ ၃၁ ရက်မှာ စကားရည်လု ငြင်းခုံဖို့ စီစဉ်ထားပြီး ဥပဒေအဖြစ် အတည်ပြုကောင်း ပြုနိုင်ပါတယ်။ တရုတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို လိုလားတဲ့ ထိုင်ဝမ် အတိုက်အခံ ကူမင်တန်ပါတီက အဆိုပြု ဥပဒေမူကြမ်းကို ပြစ်တင် ရှုတ်ချပါတယ်။ ဒီဥပဒေမူကြမ်းဟာ ချိုင်အင်းဝမ်နဲ့ သူ့ပါတီက မဲရဖို့နဲ့ ကူမင်တန်ပါတီကို တရုတ် ကွန်မြူနစ်ပါတီရဲ့ သူလျှိုအဖြစ် ပုံဖော်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးအတွက် အသုံးချခံပစ္စည်းလို့ ပြောပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို သူပိုင်တဲ့ သင်းကွဲပြည်နယ်အဖြစ် အခိုင်အမာ ပြောပြီး လိုအပ်ရင် တရုတ်ပြည်မကြီး ထိန်းချုပ်မှုအောက်ကို အင်အားသုံး ပြန်ဆွဲထည့်မယ်လို့ ပြောထားပါတယ်။ ထိုင်ဝမ်ကတော့ တရုတ်သမ္မတနိုင်ငံလို့ သူ့ကိုယ်သူ ခေါ်ရင်း လွတ်လပ်တဲ့နိုင်ငံ ဖြစ်တယ်လို့ ပြောထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up