လူ ၃ ဦးအား သတ်ခဲ့သည့်ဆင်ကို ကွန်ဂျီဆင် ၃ ကောင်သုံးပြီး မေ့ဆေးသေနတ်ဖြင့် ဖမ်းဆီးမည်
DVB
·
December 29, 2019
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာ အောက်ရွှေမှော်မှာ မုန်ယိုပြီး ဆင်ဦးစီးအပါအဝင် လူသုံးယောက်ကို သတ်ခဲ့တဲ့ အိမ်မွေးဆင်တကောင်ကို ဖမ်းဆီးဖို့ ဒီဇင်ဘာ ၂၈ ရက်က ဆင်ဆရာဝန်နဲ့ ကွန်ဂျီဆင် သုံးကောင် ရောက်ရှိလာပြီလို့ မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲအောင်က ပြောပါတယ်။
“စိတ်ရိုင်းဝင်တဲ့ဆင်ကို မေ့ဆေးသေနတ်နဲ့ ဖမ်းဖို့ ဆင်ဆရာဝန်နဲ့ ကွန်ဂျီဆင်သုံးကောင် ရောက်လာလို့ ကျနော် သွားပို့ပြီး ပြန်ခဲ့တာ။”
အောက်ရွှေမှော်မှာ အသက် ၄၉ နှစ်အရွယ် အောင်ဘု ဆိုတဲ့ မုန်ယိုနေတဲ့ ဆင်ထီးတကောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မုန်ယိုကာ စိတ်ရိုင်းဝင်ပြီး ဒေသခံတွေကို အန္တရာယ်ပေးတာ၊ ဆင်ဦးစီးပါ သုံးယောက်ကို သတ်ခဲ့တာတွေကြောင့် ဒေသခံတွေက ကြောက်ရွံ့ပြီး တာဝန်ရှိသူတွေကို တိုင်တန်းခဲ့လို့ ဒီသတင်းတွေ ပျံ့နှံ့ခဲ့တာပါ။
ဒေသခံတွေက အဲဒီဆင်ကို ကြောက်ရွံ့ပြီး အသေသတ်လိုကြပေမယ့် ဆင်က မှတ်ပုံတင်ထားတဲ့ဆင် ဖြစ်နေတဲ့အတွက် စစ်ကိုင်းတိုင်း ကောလင်းမြို့က ဆင်ဆရာဝန် ဒေါက်တာမျိုးမင်းအောင် ဦးစီးတဲ့ ဆင်ဖမ်းအဖွဲ့မှ ကွန်ဂျီဆင် ၃ ကောင်နဲ့အတူ မေ့ဆေးသေနတ် ၂ လက်နဲ့ ဒေသခံတွေ အတူပူးပေါင်းကာ ဒီနေ့ လိုက်လံဖမ်းဆီးမှာ ဖြစ်ပါတယ်။
ခင်သန်းညွန့်၊ ဓာတ်ပုံ - မြို့နယ်ထွေအုပ်ဦးစီးမှူး