လက်ပန်းတောင်းသပိတ်စခန်းမှာ မီးလောင်ဒဏ်ရရလို့ ထိုင်းနိုင်ငံ ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ သံဃာ ၂ ပါးအတွက် မန္တလေးမြို့က ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးအဖွဲ့က ကျပ်ငွေ သုံးဆယ့် ငါးသိန်း ရှစ်သောင်း လှူဒါန်းပါတယ်။
ဘန်ကောက်မြို့ ဘုရင့်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ဦးဇင်း ဦးတိက္ခဥာဏနဲ့ ကိုရင်လေး သဇ္ဇန တို့အတွက် လှူဒါန်းငွေကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က မန္တလေးမြို့က အဖွဲ့ရုံးမှာ သွားရောက် လက်ခံရယူခဲ့တယ်လို့ ဦးတိက္ခဥာဏရဲ့ သားတော် ဒေါက်တာနေသူရိန်က ပြောပါတယ်။
ဒီသံဃာတော် ၂ ပါးအတွက် ကနဦးပိုင်းတုန်းက ကုန်ကျစရိတ်အ၀၀ကို အစိုးရက တာဝန်ယူမယ်လို့ ကတိပြုထားပေမယ့် ဆေးကုသစရိတ်ကိုသာ တာဝန်ယူတော့တာကြောင့် လိုက်ပါစောင့်ရှောက်ကြတဲ့ မိသားစုတွေအတွက် ငွေကြေးခက်ခဲနေတယ်လို့ သံဃာတွေကို စောင့်ရှောက်နေတဲ့ ဦးဇင်း ဦးသုက ခုလို မိန့်ပါတယ်။
“ထိုင်းနိုင်ငံကို သွားကုမယ်ဆိုတော့ အစိုးရက အားလုံး တာဝန်ယူတယ်လို့ ပြောထားပြီးသားပဲ။ အခုတော့ သံဃာအစောင့်လိုက်သွားတဲ့ ကိုယ်တော်တွေအတွက်လည်း စရိတ် တနေ့ကို ဘတ် ၂၀၀၀ လောက်ကျတယ်။ ဒါ ဦးဇင်း တပါးတည်း ရှိသေးတယ်။ စောင့်ရှောက်မှုပိုင်းဆိုင်ရာ စကားပြန်တို့ မရှိတော့ ငှားရတဲ့ အခက်အခဲတွေ ရှိတော့ နေ့စဉ်ထွက်ငွေက တနေ့ကို ဘတ် ၂၀၀၀ လောက်ကုန်နေတယ်။ အစိုးရဘက်က တာဝန်မယူတော့ အတော် အခက်အခဲရှိတယ်။”
မီးလောင်ဒဏ်ရာရပြီး ပြည်ပကို သွားရောက်မကုဘဲ ရန်ကုန်အရေပြား အထူးကုဆေးရုံမှာ ကုသရင်း ကျန်ရစ်တဲ့ ၃ ပါးကိုတော့ စစ်ကိုင်းမြို့က သီတဂူဆေးရုံမှာ ပြောင်းရွှေ့ကုသပေးနေတယ်လို့ သူက ဆက်လက် မိန့်ကြားပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသပိတ်ကို ဖြိုခွင်းတုန်းက သံဃာ ၁၀၃ ပါး မီးလောင် ဒဏ်ရာရခဲ့ပြီး အခုအခါ အဲဒီသံဃာတွေကို သီတဂူဆရာတော်ဘုရားကြီးနဲ့ ဒေါက်တာ ဒေါ်ကြူကြူလွင်တို့က ပူးတွဲပြီး အိန္ဒိယနိုင်ငံကလာတဲ့ ဓာတုအဆိပ်ဓာတ်တွေကို ပြေစေနိုင်တဲ့ ဆေးတွေနဲ့ ကုသပေးနေတယ်လို့ ဆိုပါတယ်။
မီးလောင်ဒဏ်ရာသင့်တဲ သံဃာတွေဟာ ဦးနှောက်အာရုံကြော အားနည်းနိုင်တယ်ဆိုတဲ့ လက္ခဏာတွေကြောင့် ဦးနှောက်အာရုံကြောအားတိုးဖို့နဲ့ စိတ်ကြည်လင်သန့်ရှင်းဖို့ ပြစုကုသပေးနေတယ်လို့ ဦးသုက မိန့်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်စခန်းဖြိုခွင်းမှုကို အစိုးရဘက်က ၀န်ချတောင်းပန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာရသံဃာတွေအတွက် မန္တလေးမှာ သံဃာတွေက သတင်းစာရှင်းလင်း တင်ပြသွားဖို့ ရှိနေပါတယ်။