ဝဲကြီးကျေးရွာတွင် စွန့်ပစ်အမှိုက်သယ်ယူရန် အမှိုက်သိမ်းယာဉ်လိုအပ်နေ
DVB
·
December 28, 2019
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းက ဝဲကြီးကျေးရွာမှာ ကျေးရွာရဲ့ စွန့်ပြစ်အမှိုက် သယ်ယူဖို့အတွက် အမှိုက်သိမ်းယာဉ်လိုအပ်နေတယ်လို့ သိရပါတယ်။
ဝဲကြီးကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အမှိုက်သိမ်းစနစ်ကို စနစ်တကျ စီမံခန့်ခွဲနေကြောင်း၊ လတ်တလောမှာ ကျေးရွာအတွင်း နှစ်ပတ်တစ်ကြိမ် အမှိုက်လိုက်လံ သိမ်းဆည်းပေးနေတယ်လို့ (ဆယ်မာဦးအွန်ဒုံ) ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းရဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောပါတယ်။
"လောလောဆယ်ကတော့ အမှိုက်ကို မီးရှို့ဖျက်ဆီးတဲ့အလုပ် လုပ်တယ်ပေါ့၊ ဒီပေါ်မှာ ပလတ်စတစ်ပြန်ပြီးတော့ သုံးစွဲလို့ရမယ့်ဟာကိုလည်း ခွဲခြားတယ်၊ အမှန်တကယ် လုပ်ရမှာကတော့ အခုလို မီးရှို့ဖျက်ဆီးတယ်ဆိုတာလည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ အဆင်မပြေဘူးဆိုတာတော့ ရွာသူရွာသားတွေရော၊ အဖွဲ့အစည်းတွေရော သိတယ်။ တမြို့နယ်လုံး အမှိုက်စွန့်ပစ်ဖို့ဆိုတဲ့ နေရာကို၊ ရွာနဲ့ ငါးမိုင်လောက်မှာ ဧကငါးဆယ်ကျော် အမှိုက်စွန့်ပစ်ဖို့ကန်ကြီး ရှိပါတယ်။ ယာဉ်ကတော့ လောလောဆယ် မရှိဘူးပေါ့နော်၊ ကြိုးစားရမှာပေါ့။ အလှူရှင်လည်း လောလောဆယ် မပေါ်ပေါက်သေးဘူ။ တဖက်တလမ်းက အားပေးကူညီ ထောက်ပံ့မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။"
ဒီကျေးရွာမှာ စွန့်ပြစ်အမှိုက်နဲ့ ပက်သက်လို့ စနစ်တကျ ဆောက်ရွက်တဲ့အပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်တာကြောင့် မြန်မာဆယ်မာအူးလ် အွန်ဒုံ ကျေးရွာသစ်စီမံကိန်းရဲ့ စံပြကျေးရွာတရွာအဖြစ် သတ်မှတ်ခံထားရပါတယ်။
ထိန်ထိန်လင်း