မုဒုံမြို့နယ် ယာဉ်တိုက်မှု လူ ၁၀ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
DVB
·
December 27, 2019
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမှာ ဒီဇင်ဘာလ ၂၆ ရက် မနက် ၁၀ နာရီခွဲလောက်က မော်လမြိုင်မှမုဒုံသို့ မောင်းနှင်လာတဲ့ Hijet ယာဉ်နဲ့ Hino ကားတစီးဝင်တိုက်မိပြီး လူ ၁၀ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရသွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
Hijet ယာဉ်က Hino ၆ ဘီးယာဉ်ကို ကျော်တက်စဉ် ရုတ်တရက် ဟန်ချက်ပျက် တိမ်းစောင်းမှုကြောင့် Hino ၆ ဘီးယာဉ်က ဝင်ရောက်တိုက်မိခဲ့ရာမှာ Hijet ယာဉ်မောင်း တင်နိုင်စိုးအပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦးတို့ ဦးခေါင်းဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တာပါ။
ကျန်ဒဏ်ရာရသွားတဲ့ အမျိုးသမီး ၄ ဦးနဲ့ အသက် (၁၃)နှစ်သား တဦးကိုတော့ မော်လမြိုင်မြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ထားပါတယ်။
အဆိုပါယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း တင်နိုင်စိုး (သေဆုံး)နဲ့ တင်အောင်စိုး (ဖမ်းမိ)တို့ နှစ်ဦးအား မုဒုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု၊ လူသေမှုနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။