ပြင်ဦးလွင်တွင် ထောပတ်သီးပွဲတော် သုံးရက်ကြာ ကျင်းပ
DVB
·
December 27, 2019
တတိယအကြိမ်မြောက် ထောပတ်သီးပွဲတော်ကို မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းချုပ် (မန္တလေး) က ဦးဆောင်ပြီး ပြင်ဦးလွင်မြို့က ပြင်ဦးလွင်စင်တာမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ၂၉ ရက်အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
ထောပတ်သီးပြပွဲနဲ့ ပြိုင်ပွဲအပြင် ထောပတ်သီးကို အခြေခံတဲ့ အစားအစာတွေ ပြသရောင်းချတာ၊ ထောပတ်သီးအခြေခံ လူသုံးကုန်ပစ္စည်းတွေ ပြသရောင်းချတာတွေနဲ့၊ ထောပတ်သီးမျိုးပင်တွေကိုလည်း ပြသရောင်းပေးမယ်လို့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောပါတယ်။
"နံပါတ်တစ်ကတော့ ထောပတ်သီးပေါ့၊ပြည်တွင်းဈေးကွက်ကိုလည်း လှုံ့ဆော်တာပေါ့နော်၊ ဒီပွဲတွေရှိတဲ့အတွက် လူတွေ ထောပတ်သီးကို ပို စိတ်ဝင်တစားရှိလာမယ်၊ ထောပတ်သီးစားသုံးမှုကလည်း မြင့်တက်လာနိုင်တာပေါ့နော် စားသုံးသူဈေးကွက်ကို မြှင့်တင်တဲ့ သဘောပေါ့နော်။ ဒုတိယအချက်ကတော့ ဒီလို movement တွေ လုပ်ပေးခြင်းအားဖြင့် ပြင်ဦးလွင်ဒေသမှာလည်း ထောပတ်သီး ထုတ်လုပ်မှုကဏ္ဍကို နည်းနည်း promotion လုပ်တဲ့ သဘောပေါ့၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာလည်း ပိုပြီး ဖွံ့ဖြိုးလာစေချင်တယ်၊ ထောပတ်သီးနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေလည်း တောင်သူတွေကို ပိုပြီးတော့ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပေါ့နော် ဒီပွဲကို ကျင်းပတာဖြစ်ပါတယ်။ တတိယတချက်ကတော့ ဒီပွဲကြောင့်မို့လို့ ထောပတ်သီးတောင်သူတွေ ဈေးကွက်ပိုင်းဆိုင်ရာ တစုံတရာရရှိလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီပွဲကိုကျင်းပတာဖြစ်ပါတယ်။"
စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းချုပ်အနေနဲ့ ထောပတ်သီးပွဲတော်တွေကို ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်း၊ ပအိုးဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ နှစ်ကြိမ် ကျင်းပခဲ့ပြီး ဒီ နှစ်မှာတော့ ထောပတ်သီးစိုက်ပျိုးရာ ဒေသတခုဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာ တိုးချဲ့ပြသတာပါ။
ထောပတ်သီးပွဲတော် လုပ်ခြင်းအားဖြင့် ပြည်တွင်းက ထောပတ်သီးမျိုးကောင်း မျိုးသန့်တွေကို ဖော်ထုတ်ပြသနိုင်မှာ ဖြစ်တဲ့အပြင် ပြည်တွင်း ပြည်ပ ကုန်သည်တွေသာမက ခရီးသွားပြည်သူတွေပါ ပိုမိုစိတ်ဝင်စားမှု မြင့်တက်လာစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံအတွင်း ထောပတ်သီးစိုက်ပျိုးမှုဟာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ကယားပြည်နယ် ဒေသအချို့မှာ စိုက်ပျိုး လုပ်ကိုင်လာကြပြီလို့ သိရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တဲ့ ဧကပေါင်း ခြောက်သောင်းနီးပါးရှိတယ်လို့လည်း သိရပါတယ်။
ထိန်ထိန်လင်း