ဘန်ကောက်ဂေးလ်အနှိပ်ခန်းကို ထိုင်းရဲဝင်ရောက်စီးနင်း၊ မြန်မာ ၄ ဦးဖမ်းဆီးခံရ
နန်းမြနဒီ
·
December 27, 2019
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖယားထိုင်းနယ်မြေရှိ ခန့်ငြားထယ်ဝါတဲ့ အနှိပ်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး တရားမဝင်နိုင်ငံခြားသားတွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းလ၀က ရဲတပ်ဖွဲ့ က ဒီနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဖယားထိုင်းနယ်မြေ စွဲအာရီ ၄ လမ်းထဲရှိ VCLUB7 ဂေးလ်အနှိပ်ခန်းမှာ အညောင်းပြေနင်းနှိပ်ပေးရုံမကဘဲ လိင်ပိုင်းဆိုင်ရာပျော်ရွှင်မှုပါ ဝန်ဆောင်ပေးကြောင်း သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့တာလို့ ထိုင်းလ၀ကရဲချုပ် ဆုမ်ဖုန်း ချင်းဒုံက ဆွန်ဖူးနယ်မြေရဲစခန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့တာပါ ။
အဆိုပါအနှိပ်ခန်းမှာ နှိပ်နယ်ပေးတဲ့ အမျိုးသား၀န်ထမ်း ၃၀ ဦးခန့်ရှိပြီး အခန်းတွေထဲမှာ အသုံးပြုပြီးသား ကွန်ဒုံးနဲ့ အသုံးမပြုသေးတဲ့ ကွန်ဒုံးထုတ်အသစ်တွေပါ စစ်ဆေးတွေ့ရှိကြောင်း ၊ ဖောက်သည်အများစုမှာ နိုင်ငံခြားသားနဲ့ ထိုင်းဗွီအိုင်ပီတွေ ဖြစ်ပြီး ဝန်ဆောင်ခမှာ တစ်ကြိမ်လျှင် ဘတ်ငွေ ၃၀၀၀ ကနေ ၆၅၀၀ ဘတ်အထိရှိတယ်လို့ ဆိုပါတယ် ။
ဝန်ထမ်းတွေကို စစ်ဆေးရာမှာတော့ နေထိုင်ခွင့်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား ၁၁ ဦးကို တွေ့ရှိရကြောင်း ၊ အဲဒီထဲမှာ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး ၊ မြန်မာ ၄ ဦး ၊ လာအို ၄ ဦး နဲ့ ဗီယက်နမ်နိုင်ငံသား ၂ ဦးတို့ ပါဝင်ပြီး သူတို့ကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှု ၊ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှု ၊ ကန့်သတ်ထားတဲ့လုပ်ငန်းအမျိုးအစား လုပ်ကိုင်မှုတွေနဲ့ အရေးယူသွားမယ်လို့ လ၀ကရဲ မှူးက ပြောပါတယ်။
ဒါ့အပြင် အနှိပ်ခန်းပိုင်းရှင် ထိုင်းလူမျိုးမှာလည်း တရားမဝင်နိုင်ငံခြားသားတွေ လက်ခံထားရှိမှု ၊ ပြည်တန်ဆာခန်းဖွင့်မှုတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ် ။
ဒီမတိုင်ခင်က တာဝန်ရှိသူတွေဟာ အားရီး ၄ လမ်းထဲက The Prince ဆိုတဲ့ အနှိပ်ခန်းကို ဝင်ရောက်စီးနင်းဖြိုခွင်းခဲ့ပြီး အဲဒီနောက် အလုပ်သမားတွေဟာ ယခု VCLUB7 အနှိပ်ဆိုင်မှာ ပြန်လာလျှောက်ထားလုပ်ကိုင်နေတာကို သိရတယ်လို့ လ၀ကရဲချုပ်က ပြောသွားပါတယ် ။
ကိုးကား - မန်နေဂျာအွန်လိုင်း