ပြည်သူကို လက်နက်အားကိုးဖြင့်အကြမ်းဖက်မှု ပြင်းထန်စွာရှုတ်ချဟု အန်အယ်လ်ဒီကြေညာ
DVB
·
December 27, 2019
အပြစ်မဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးရဲသိန်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က အေအေ လက်နက်ကိုင်အဖွဲ့ရဲ့ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် သီတင်း ၂ ပတ်လောက်အကြာမှာ သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ဦးရဲသိန်းသေဆုံးမှုဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းမရကြောင်းသက်သေပြနေတဲ့အပြင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့လုံခြုံရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလိုလားတဲ့ အဖွဲ့အစည်းတွေ ရှိနေကြောင်း ထင်ရှားစေတယ်လို့ဆိုပါတယ်။
အကြမ်းဖက်နည်းလမ်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့ အစဉ်အလာဟာ မြန်မာ့နိုင်ငံရေးလောကကနေ ပျောက်ကွယ်သွားအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားပြည်သူတွေနဲ့ အတူလက်တွဲပြီး အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားမယ်လို့လည်း အန်အယ်လ်ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော်အေအေဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်းဟာ ဘူးသီးတောင် တိုက်ပွဲမှာ တပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ သေဆုံးသွားတယ်လို့ အေအေဘက်က ဒီဇင်ဘာ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
တပ်မတော် စကခ ၁၅ ဘူးသီးတောင်၊ တပ်မဌာနချုပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အေအေက ဖမ်းဆီး ထိန်းသိမ်းထားသူတွေထဲက သေဆုံးသူနဲ့ ဒဏ်ရာရသူအချို့ရှိခဲ့ပြီး ဦးရဲသိန်းဟာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာရေးပါတယ်။
ဦးရဲသိန်းကို စစ်ဆေးစရာရှိတာကြောင့် ပြန်မလွှတ်ပေးသေးဘဲ ဆက်လက်ထိန်းသိမ်းထား ခဲ့တာလို့လည်း ရက္ခိုင့်တပ်မတော် အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုထားပါတယ်။
ဒီဇင်ဘာ၂၅ ရက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနဲ့ ဦးရဲသိန်းကို အေအေတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်ပြီး မကြာခင်မှာဘဲ သတ်လိုက်တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ဦးရဲသိန်းဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်တရားရင်ဆိုင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲကို ဘူးသီးတောင်မြို့မှာ ပြုလုပ်ဖို့စီစဉ်နေစဉ်မှာ ဒီဇင်ဘာ ၁၁ ရက်မှာ အေအေအဖွဲ့ရဲ့ ဖမ်းဆီးတာခံခဲ့ရတာပါ။