မယ်ဆိုင်ချောင်းအနီး မူးယစ်ဆေးသယ်အဖွဲ့ကို ထိုင်းလုံခြုံရေးက ပစ်ခတ်ဖမ်းဆီး
DVB
·
December 27, 2019
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က မူးယစ်ဆေးဝါးသယ်ဆောင်တဲ့သူတွေကို မယ်ဆိုင်က ထိုင်းလုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးပြီး အိုက်စ်မူးယစ်ဆေး ကီလို ၁၀၀ လောက် ဖမ်းဆီးရမိသွားပါတယ်။
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရဲ့ တဘက်ခြမ်းမှာရှိတဲ့ ထိုင်းဧရိယာအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက တာဝန်ယူရှိသူက “မနက်(၃)နာရီလောက် ဖြစ်တာ။ တာချီလိတ်က ကျောပိုးအိပ်နဲ့ မူးယစ်ဆေးဝါးသယ်တဲ့ အဖွဲ့တွေနဲ့ တဘက်နယ်စပ်မှာ လုံခြုံရေးထိုင်နေတဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ပြီး ပစ်ခတ်မှုဖြစ်တာ ICE ကီလို(၁၀၀)ဖမ်းမိတယ်ပြောတယ် ” လို့ ဒီဗွီဘီကိုပြောပါတယ်။
ပစ်ခတ်မှုကို တာချီလိတ်မြို့က ဒေသခံတွေလဲကြားရပြီး ထိုင်းဘက်က ရဟတ်ယာဉ်နဲ့ ကင်းပတ်စစ်ဆေးတာတွေကိုလည်း တွေ့ရတယ်လို့ ပြောတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး မြန်မာဘက်ခြမ်းက တာ၀န်ရှိသူတွေက နယ်စပ်တစ်လျောက် လုံခြုံရေးနဲ့ လိုက်လံရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ မတွေ့ရှိခဲ့ပါဘူး။
ဒါပေမယ့်ပစ်ခတ်မှုကြောင့် နယ်စပ်ရေချောင်း အနီးနေထိုင်တဲ့ အိမ်ခြေမဲ့ အရပ်သား တဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့အတွက် တာချီလိတ်ရဲတပ်ဖွဲ့က သေမှုသေခင်း ဖွင့်လှစ်ထားပြီး နှစ်နိုင်ငံ နယ်ခြားကော်မတီနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်။
ကိုဇက်