လ.ဝ.ကအရာရှိ ၃ ဦးကို အစစ်အမှန်ဟုတ်မဟုတ် စစ်ဆေးရန် ဆက်ဖမ်းထားမည်ဟု အေအေပြော
ဝဏ္ဏခွာညို
·
December 27, 2019
ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေက လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိသုံးယောက်ကို စစ်ဆေးစရာရှိလို့ ဆက်ပြီးတော့ ထိမ်းသိမ်းထားမယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေ လ.ဝ.ကရုံး လက်ထောက်ညွှန်မှူး ဦးတင်မျိုးအောင်၊ လက်ထောက်လ.ဝ.ကမှူး ဦးမျိုးဆွေဦးနဲ့ လက်ထောက် လ.ဝ.ကမှူး ဦးအောင်ဖြိုးကျော်တို့ကို ဒီဇင်ဘာ၂၄ ရက်နေ့ လက်နက်ကိုင် အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အေအေ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက “သူတို့သုံးယောက်ကိုတော့ လောလောဆယ်မှာတော့ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့အတွက်ကြောင့်မို့လို့ ဆက်ပြီးတော့ ထိမ်သိမ်းထားဖို့ရှိတာပေါ့။ သူတို့မှာတစုံတရာ ပြစ်မှုကျူးလွန်တာမရှိဘူး ဆိုရင်တော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။”
ဘူးသီးတောင်နဲ့ တောင်ပဇာလိုင်းဆွဲနေတဲ့ ဦးစိုးချေ မောင်းတဲ့စက်လှေနဲ့ ဒေသခံ ခရီးသည် ၁၈ ဦးနဲ့အတူ စီးနင်းလိုက်ပါလာတဲ့ လဝကအရာရှိသုံးယောက်ကို အေအေအဖွဲ့ကနေ သီးသန့်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံနေရတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် အရာရှိ ၃ ဦးရဲ့ အသက်အန္တရာယ်အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုတွေက အထူးစိုးရိမ်နေကြပါတယ်။
ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူခိုင်သုခက “လ.ဝ.က သုံးယောက်ကိုတော့ ကျနော်တို့ စစ်ဆေးစရာရှိလို့ ထိမ်းသိမ်းထားတာရှိတယ်။ လဝကသုံးယောက်ထဲမှာ အရင်ရဲမှူးဟောင်းလို့ သိရတယ်။ ဗမာစစ်တပ်က ရခိုင်ပြည်နယ်ထဲမှာ သူတို့တွေဟာ တခါတလေ ရဲယူနီဖောင်း ပြောင်းဝတ်လိုက်၊ တခါတလေဆိုရင် မီးသတ်ယူနီဖောင်းဝတ်လိုက်။ လဝကဖြစ်လိုဖြစ်လိုက်၊ အဲ့လိုမျိုးပုံစံလှုပ်ရှားနေတာတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့်မို့အခုကျနော်တို့ ထိန်းသိမ်းထားတဲ့သူတွေကို လဝကအစစ်မှန်ဟုတ်မဟုတ်ပေါ့ဗျာနော်”လို့ ပြောပါတယ်။
အေအေက ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးရဲသိန်းဟာ ဘူးသီးတောင် တိုက်ပွဲမှာ တပ်မတော်က ပစ်လိုက်တဲ့လက်နက်ကြီး ကျည် ထိမှန် သေဆုံးသွားတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၃ ရက်ကလည်း အန်အယ်လ်ဒီပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ချင်းတိုင်းရင်းသား ဦးဝှေ့တင်းကို ကျောက်တော်မြို့နယ်မှာ အေအေက ဖမ်းဆီးထိန်းသိမ်းထားတာ အခုအချိန်ထိပြန်လွှတ်ပေးတာမရှိသေးပါဘူး။