အာရှနိုင်ငံများတွင်  နေကြတ်ဖြစ်စဉ်ကို ပြည်သူများစောင့်ကြည့်ရှုခဲ့ကြ

Reuters
ယူအေအီးနိုင်ငံမှာ ဒေသခံတွေဟာ ဒီဇင်ဘာ ၂၆ ရက် ကြာသပတေးမှာ ပေါ်ထွက်လာမယ့် မီးကွင်းပုံ နေကြတ်ဖြစ်စဉ်ကို အကောင်းဆုံးမြင်ကွင်းကနေ မြင်တွေ့ ကြည့်ရှုနိုင်ဖို့ ဒူဘိုင်းကနေ ၂ နာရီကျော်လောက် ခရီးကွာဝေးတဲ့ ဇေယစ်ဒ်မြို့ဆီ လူအုပ်စုလိုက် သွားရောက်ကြပါတယ်။ ဒီနေကြတ်ဖြစ်စဉ်ကို ဒူဘိုင်းမြို့လယ်ကောင်နဲ့ အဘူဒါဘီမြို့တွေကနေလည်း မြင်တွေ့နိုင်ပေမယ့် တစိတ်တပိုင်းသာ နေကြတ်တဲ့ဖြစ်စဉ်ကို မြင်တွေ့ရတာပါ။  ဇေယစ်မြို့ကတော့ နေလုံးကို လမင်းက အပြည့်အဝ ဖုံးအုပ်ပြီး လမင်းရဲ့ အနားစွန်းတွေမှာ မီးနဲ့ကွပ်ထားသလို အလင်းဝိုင်းကို သေသေချာချာ မြင်တွေ့နိုင်တဲ့ တခုတည်းသောနေရာ ဖြစ်ပါတယ်။ ယူအေအီး အာကာသအေဂျင်စီနဲ့ ဒူဘိုင်း နက္ခတ္တဗေဒအဖွဲ့တို့ကလည်း ဒူဘိုင်းမှာရှိတဲ့ အလ်သူရာယာ နက္ခတ္တဗေဒစင်တာနှင့် အထင်ကရ ဘာ့ဂျ်ခါလီဖှာ နေရာတွေကလည်း နေကြတ်ဖြစ်စဉ်ကို လာရောက်ကြည့်ရှုကြဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီနေကြတ်ဖြစ်စဉ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၂ နှစ်က ယူအေအီးမှာ နောက်ဆုံး တွေ့ခဲ့ရပြီးတော့ နောက်ထပ် ၈၃ နှစ် ကာလအတွင်းမှာတော့ တဖန် ပြန်ရောက်လာဦးမယ် လို့  ဒူဘိုင်းနက္ခတ္တဗေဒအဖွဲ့က ပြောကြားပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံမှာလည်း အရှေ့ဘက်ဒေသက အယ်လ်အာဟ်ဆားခရိုင်က ဂျာဘယ်လ် အာရ်ဘာတောင်ထိပ်မှာ နက္ခတ္တဗေဒပညာရှင်တွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ၊ ဒေသခံတွေ စုရုံးပြီးတော့ ဒီဇင်ဘာလ ၂၆ ရက် နေတက်ချိန်မှာ မြင်ရမယ့် ရှားရှားပါးပါး နေကြတ်ဖြစ်စဉ်ကို အတူကြည့်ရှုခဲ့ပါတယ်။ ဒီတခါ နေကြတ်တဲ့ပုံစံဟာ နေလုံးရဲ့အလယ်တည့်တည့်မှာ လမင်းက ဖုံးအုပ်ထားလို့ မီးကွင်းပုံစံလိုမျိုး ရှားရှားပါးပါး မြင်ရခဲတဲ့ ဖြစ်စဉ်လို့ ပြောကြပါတယ်။  ဒီနေကြတ်ခြင်းကို အာရှတလွှား နိုင်ငံအတော်များများကနေ မြင်တွေ့နိုင်ခဲ့ပြီး ဒါဟာ ဒီဆယ်စုနှစ်ရဲ့ နောက်ဆုံး နေကြတ်ဖြစ်စဉ်လို့လည်း ဆိုပါတယ်။ “ဒီဖြစ်ရပ်ကြောင့် နက္ခတ္တဗေဒ ယဉ်ကျေးမှုအကြောင်း လူတွေ ပိုစိတ်ဝင်စားလာတယ်၊ နေကြတ်ဖြစ်စဉ် အတူကြည့်ကြတယ်။ နက္ခတ္တဗေဒ ယဉ်ကျေးမှုကလည်း လူမှုမီဒီယာတွေကြောင့် လတ်တလောမှာ တိုးတက်လာပြီးတော့ ကျနော်တို့ ဒီမှာရှိနေတာဟာ လူတွေကို နက္ခတ္တဗေဒ ဆိုတာကို သိရှိလာစေဖို့၊ အထူးသဖြင့် နက္ခတ္တဗေဒဆိုင်ရာ ဓာတ်ပုံတွေကို သိလာစေဖို့ ပညာပေးတာပါ”လို့ SEITECH နက္ခတ္တဗေဒဌာနမှ အဗ္ဗဒလာ အာယာလာဒီက ပြောပါတယ်။ နေကြတ်ဖြစ်စဉ်ကို အထူးလေ့လာသူ အလက်ဇန်ဒါ ခရီဗန်နီရှဗ်ကတော့ ဒါဟာ သူ့ရဲ့ ၁၁ ခုမြောက် နေကြတ်ဖြစ်စဉ်ကို တွေ့မြင်ရခြင်းဖြစ်ပြီး နေတက်ချိန်အတွင်း အကွင်းလိုက်ပုံစံ ဖြစ်နေတဲ့ နေကြတ်ဖြစ်စဉ်ကို ဒုတိယအကြိမ် မြင်ခွင့်ရဖို့အတွက်ကို ဆော်ဒီအာရေဗျကို ရောက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။  သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်မှာလည်း ဒီဇင်ဘာလ ၂၆ ရက်မှာ ကိုလံဘိုတက္ကသိုလ် နက္ခတ္တဗေဒဌာနက ကျောင်းသားတွေဟာ တယ်လီစကုပ်တွေကို ခပ်စောစော တပ်ဆင်ပြီးတော့ နေကြတ်ဖြစ်စဉ်ကို ကြည့်ရှုကြပါတယ်။ ကိုလံဘိုမြို့တော်မှာတော့ နေရဲ့ ၈၄ ရာခိုင်နှုန်း ကြတ်တဲ့အနေအထားကို မြင်တွေ့နိုင်ပါတယ်။  အကွင်းပုံစံ နေကြတ်ဖြစ်စဉ်ဟာ ဆော်ဒီအာရေဗျနိုင်ငံ ဒမ်မမ်ကနေ စတင်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီးတော့ အိန္ဒိယနိုင်ငံတောင်ပိုင်းဆီ ရောက်ရှိပါတယ်။ အဲဒီကနေ သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းဒေသပေါ် ရောက်ရှိသွားပြီးတော့ ပစိဖိတ်သမုဒ္ဒရာပေါ်မှာ နေကြတ်ခြင်းခရီးစဉ် အဆုံးသတ်သွားပါတယ်။ နေကြတ်ချိန်မှာ လဟာ ကမ္ဘာမြေကြီးကနေ ကီလိုမီတာ ၄ သိန်းလောက် အကွာအဝေးမှာ ရှိနေပြီး၊ တစက္ကန့်ကို ၁ ကီလိုမီတာနှုန်း၊ တနာရီကို ၃၆၀၀ ကီလိုမီတာနှုန်းနဲ့ ရွေ့လျားနေတာ ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up