နယ်သာလန်နွား မြန်မာနိုင်ငံတွင် မွေးမြူရန် စမ်းသပ်မည်
ရွှေအောင်
·
February 12, 2013
နယ်သာလန်နို့စားနွားမျိုးနဲ့ နွားအကောင်လိုက်မွေးမြူရေးလုပ်ငန်းကို မြန်မာပြည်မှာ စမ်းသပ် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ မွေးမြူရေးနဲ့ ဆေးကုသရေးဦးစီးဌာနက ပြောပါတယ်။
နယ်သာလန်နိုင်ငံက Royal Friesland ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးနေကြတာဖြစ်ပြီး လုပ်ဆောင်ဖို့ရှိတဲ့ နို့စားနွား မွေးမြူရေး လုပ်ငန်းအစီအစဉ်တွေနဲ့ ပတ်သက်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ခုလို ပြောပါတယ်။
“နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တစ်အချက် မျိုးရိုးကောင်းဖို့လိုတယ်။ မျိုးရိုးကောင်းဖို့ဆိုတာ လက်ရှိ ရှိပြီးသား မျိုးရိုးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ ဒီလိုလုပ်ရာမှာ ဟော်လန်ကနေ မျိုးရေချောင်းတွေ ယူလာမယ်။ သားစပ်မယ်။ သားစပ်ခြင်းအားဖြင့် ကျနော်တို့ဆီက နွားမျိုးတွေမြှင့်တင်မယ်။ နောက်တခါ သူတို့ဆီက နွားအကောင်လိုက်လည်း တိုက်ရိုက် ယူလာမယ်။ ယူလာတဲ့အကောင်တွေကျတော့ ဒီက ရာသီဥတုနဲ့ ခံနိုင်ရည်ရှိအောင်တော့ လုပ်ရမယ်။ အဲလိုနဲ့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။”
သူပြောတဲ့ထဲပါတဲ့ မျိုးရေချောင်းဆိုတာဟာ နယ်သာလန်နွားသိုးတွေထဲက မျိုးကောင်းတဲ့ နွားသိုးတွေရဲ့ သုတ်ရေတွေကို အေးခဲထားတဲ့ အချောင်းကို ပြောတာပါ။
ဒါ့အပြင် နို့နဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်မှုပိုင်းတွေကိုလည်း နယ်သာလန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ဆောင်ရာမှာ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ မန္တလေးနဲ့ မိတ္ထီလာစတဲ့ မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ စီမံချက်ချ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
နယ်သာလန်ကုမ္ပဏီနဲ့ မွေးမြူရေးနဲ့ ကုသရေးဌာနတို့ အသေးစိတ်အချက်တွေ ဆက်လက် ဆွေးနွေးနေပြီး ဒီနှစ်ထဲ အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။