Homeမြန်မာသတင်း
မြစ်သားမြို့နယ်ကတောင်သူများ စပါးရိတ်သိမ်းချိန် ခဲသတ္တုပါကျောက်များ တပိုင်တနိုင် တူးဖော်
မြစ်သားမြို့နယ်ကတောင်သူများ စပါးရိတ်သိမ်းချိန် ခဲသတ္တုပါကျောက်များ တပိုင်တနိုင် တူးဖော်
DVB
·
December 26, 2019
မန္တလေးတိုင်း မြစ်သားမြို့နယ်၊ ကံဆည်ရွာအနီး မုန်တောင်တောင်တန်းမှာ ဒီဇင်ဘာ ၂၅ ရက်က စပါးရိတ်သိမ်းပြီးတောင်သူတွေ တနိုင်တပိုင် ခဲသတ္တုပါကျောက်တွေ ရှာဖွေ တူးဖော်နေ တာကြောင့် နေ့စဉ်ဝင်ငွေရနေကြပါတယ်။
ခဲသတ္တုပါကျောက်ရှာဖွေတူးဖော်တဲ့ တောင်သူကိုမြင့်သိန်းက "မိုးရာသီစပါး ရိတ်သိမ်းပြီးပြီ နွေစပါးအတွက် ဆည်ကရေမပေးတော့ဘူး။ နားနေရတယ်။ နေ့စဉ်ဝင်ငွေလေးရအောင် မိသား စုခေါ်ပြီး ခဲသတ္တုပါကျောက်တုံးတွေ လာတူးနေတာပါ တနိုင်တပိုင် အလုပ်ပါ ၄ ပေပတ်လည် ကျင်းဖောက်ပြီး တူးရတယ် အဆင်ပြေပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
အလားတူခဲသတ္တုတူးနေတဲ့ ကိုဆန်းလွင်က "ခဲပါတဲ့ကျောက်သားတွေ့အောင် ၄ ပေကျင်း ဖောက်တူးရတယ်။ ကံကောင်းရင် ငွေသိန်း ၂၀ လောက်ကုန်ရုံနဲ့ ခဲပါတဲ့ကျောက်သားကို တွေ့တယ်။ ကံမကောင်းရင် သိန်းရ၀ လောက်ကုန်လည်း မတွေ့ရဘူး။ ခဲတတန်ကို ကျပ် ၆ သိန်းကျော်လောက် ရောင်းရတယ် မန္တလေးဘက်က လာဝယ်ကြတယ်။ ပိုင်ဆံတအားကြီးမရပါဘူး။ နေ့စဉ်ဝင်ငွေလောက်တော့ ရပါတယ်"လို့ ပြောပါတယ်။
မြစ်သားမြို့နယ်ရှိ ကျီတိုင်အုပ်စုမှာ ကံဆည်ရွာ၊ မောင်းကွေးရွာ၊ ဖိုအင်ရွာနဲ့ကျီတိုင်ရွာတွေ ပါဝင်ပြီး အိမ်ထောင်စု ၁၀၀၀ ကျော်လောက်ရှိတဲ့အနက်တဝက်လောက်က ကံဆည်ရွာမှာ နေထိုင်ကာ ခဲသတ္တုပါကျောက် တူးဖော်ကြပါတယ်။
မောင်မောင်လင်း