ဘူးသီးတောင်တွင် လ.ဝ.က ဝန်ထမ်း ၃ ဦးကို အေအေတပ်ဖွဲ့ ဖမ်းဆီး
DVB
·
December 25, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အရာရှိတယောက်အပါအဝင် လ.ဝ.က ဝန်ထမ်း ၃ ယောက်ကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
လ.ဝ.က လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်၊ လက်ထောက် လ.ဝ.ကမှူး ဦးအောင်ကျော်ဖြိုးနဲ့ ဦးမျိုးဆွေဦးတို့ကို မနေ့က ညနေပိုင်းမှာ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ခွင့်ယူထားတာကနေ ပြန်လာတဲ့ တောင်ဘဇာနယ်မြေရုံး တာဝန်ကျ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်ကို ဦးအောင်ကျော်ဖြိုးနဲ့ ဦးမျိုးဆွေဦးတို့က ဘူးသီးတောင်မြို့မှာ သွားရောက်ကြိုဆိုပြီး တခြား ခရီးသည် ၁၅ ယောက်နဲ့အတူ စက်လှေနဲ့ ပြန်လာခဲ့ပါတယ်။
ပန်ဇင်းချောင်းအတိုင်း ပြန်လာပြီး ညနေ ၃ နာရီလောက်မှာ ဘူးသီးတောင်မြို့နယ် ကျောက်ရစ်ကျေးရွာသစ်နားမှာ လူတယောက်က ကမ်းပေါ်ကနေ စက်လှေကိုတားလို့ ကမ်းကပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကမ်းကိုရောက်တဲ့အခါ ချုံထဲကနေ လူ ၅ ယောက် ထွက်လာပြီး ပစ္စတိုသေနတ်နဲ့ ချိန်ရွယ်လို့ လိုက်ပါလာသူတွေထဲက ဦးတင်မျိုးအောင်တို့ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စက်လှေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အေအေ ရက္ခိုင့်တပ်တော်ဘက်ကိုတော့ ဆက်သွယ် မေးမြန်းလို့ မရသေးပါဘူး။