Home
မြန်မာသတင်း
ပြည်သူများ ရုံးကြောက်စိတ် ဖယ်ရှားပေးရန် အဖြူရောင်ကမ်းလက်အဖွဲ့ ကူညီပေးနေ
DVB
·
December 25, 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ် ၄ ခုမှာ ပြည်သူတွေအနေနဲ့ အစိုးရရုံးဌာနတွေနဲ့ ဆက်ဆံဆောင်ရွက်ရမှာ မကြောက်ရွံ့အောင် ထိတွေ့ဆက်စပ်မှု လုပ်ဆောင်ပေးနေတယ်လို့ အဖြူရောင်ကမ်းလက်အဖွဲ့က ပြောပါတယ်။ ဒီဇင်ဘာ ၂၄ ရက်က မိတ္ထီလာ ဝန်ဇင်းဟော်တယ်ခန်းမမှာ အစိုးရဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေနဲ့ ဒေသခံ ပြည်သူလူထုတွေကို တွေ့ဆုံစေပြီး ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေး ဖြေကြားစေခဲ့တာ ဖြစ်ပါတယ်။   အဖြူရောင်ကမ်းလက်အဖွဲ့ ဦးဆောင်သူ မလေးလေးနိုင်က “အစိုးရရုံးဌာနများနဲ့ ပြည်သူတွေ ဆက်ဆံရတဲ့အခါ ပြည်သူတွေရဲ့ ရုံးကြောက်တတ်တဲ့စိတ်တွေ ဖယ်ရှားပေးပြီး ထိတွေ့ဆက်ဆံမှု တိုးတက်အားကောင်းလာအောင် လုပ်ဆောင်ပေးနေတာပါ။ အစိုးရမူဝါဒတွေကို အကောင်အထည်ဖော်ပေးရတဲ့ ဝန်ကြီးဌာနအသီးသီးရဲ့ လက်အောက်ရှိ မြို့နယ်ဦးစီးဌာနတွေက ပြည်သူလူထုကို အနီးကပ် ဦးဆောင်ဦးရွက်ပြုရသူတွေ ဖြစ်တယ်။ အဲဌာနတွေနဲ့ ပြည်သူတွေ ထိတွေဆက်ဆံတဲ့အခါ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးဖြစ်လာအောင် ဌာနကြီးကဲတွေကို ဖိတ်ကြားပြီး ပြည်သူတွေရဲ့ အခက်အခဲတွေ တင်ပြစေပါတယ်။ ဌာနကြီးကဲတွေက အခက်အခဲတွေကို ပွင့်လင်းမြင်သာအောင် ရှင်းပြကြတယ်” လို့ ပြောပါတယ်။ အဖြူရောင်ကမ်းလက်အဖွဲ့ကို အရပ်ဘက် အဖွဲ့အစည်းတခုအနေနဲ့ ၂၀၁၆ ခုနစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ တိုင်းအစိုးရအဖွဲ့ရဲ့ ကူညီပံ့ပိုးမှုနဲ့  မိတ္ထီလာခရိုင်ထဲမှာ အရပ်ဘက်နဲ့ ဌာနဆိုင်ရာ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးဖြစ်စေဖို့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဝမ်းတွင်းမြို့နယ်က ဒေသခံတောင်သူ ဦးဆန်းဝင်းက “အဖြူရောင်ကမ်းလက်အဖွဲ့က စီစဉ်ပေးလို့ ဌာနအကြီးအကဲတွေနဲ့ တွေ့ရတယ်။ အခက်အခဲတွေ မေးမြန်းတင်ပြတယ်။ အထူးသဖြင့် ကျေးရွာရပ်ကွက်တွေမှာ ငွေချေးဌာနတွေ မှိုလိုပေါက်နေတာ၊ တခုကချေး တခုကိုပြန်ဆပ် ပြည်သူတွေ လုံးချာလိုက်နေတယ်။ နောက်တော့ ဗွက်ပေါက်ပြီး ဒုက္ခရောက်နိုင်တာ တင်ပြမေးမြန်းတာကို စိတ်ကျေနပ်အောင် ရှင်းပြပေးပါတယ်။ ကျနော့်လိုပဲ အခြားသူတွေလည်း သူတို့အခက်အခဲတွေ တင်ပြကြတယ်” လို့ ပြောပါတယ်။ အဖြူရောင်ကမ်းလက်အဖွဲ့မှာ ခရိုင်အတွင်းရှိ ၄ မြို့နယ်မှာ အဖွဲ့ဝင် ၂၀၀ခန့်ရှိနေပြီး ပြည်သူတွေရဲ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။  ဒီဇင်ဘာလ ၁၄ ရက်မှာ သာစည်၊ ဒီဇင်ဘာလ ၂၀ ရက်မှာ ဝမ်းတွင်းနဲ့ ဒီဇင်ဘာလ ၂၄ ရက်မှာတော့ မိတ္ထီလာ၊ ဇန်နဝါရီ ၁၁ ရက်မှာ မလှိုင်မြို့နယ်တို့မှာ ပြည်သူနဲ့ ဌာနဆိုင်ရာ ထိတွေ့ ဆွေးနွေးမေးမြန်းပွဲတွေ လုပ်ပေးနေပါတယ်။ မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024