Home
မြန်မာသတင်း
အန်အယ်လ်ဒီ ပြည်လုံးကျွတ်ညီလာခံ ကျင်းပမည်
ပီတာအောင်
·
February 11, 2013
ပါတီခေါင်းဆောင်သစ်တွေ ပြန်လည်ရွေးချယ်မယ့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့် မတ်လမှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုညီလာခံကို  ရန်ကုန်မြို့မှာ လာမယ့် မတ်လ ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကျင်းပဖို့ရှိတယ်လို့ ပါတီအတွင်းရေးမှူးက ဒီနေ့ ထုတ်ပြန်ကြေညာထားတာပါ။ ညီလာခံတက်ရောက်မယ့် ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတဲ့ ဗဟိုညီလာခံ ကိုယ်စားလှယ်တွေအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး သတင်းပို့ကြဖို့လည်း ညွှန်ကြားထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီညီလာခံတွေကို ယခင် စစ်အစိုးရလက်ထက်က လွတ်လပ်စွာကျင်းပခွင့်မရဘဲ ညီလာခံကျင်းပချိန်ရောက်တိုင်း  အာဏာပိုင်တွေရဲ့ တားမြစ်ပိတ်ပင်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အခုအစိုးရသစ်လက်ထက်မှာမှ  လွတ်လပ်စွာကျင်းပခွင့်ရတာဖြစ်ပြီး  ဒီညီလာခံဟာ  ဒီမိုကရေစီရေးအတွက်  အရေးပါတဲ့ညီလာခံတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။ “ဒီညီလာခံက အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ပါတီက ဒီမိုကရေစီပါတီဆိုတော့ ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်ပွဲတွေကို အောက်ခြေအကျဆုံးဖြစ်တဲ့ ရပ်ကွက်ကျေးရွာတို့အထိ အားလုံး ၁၆၇၈၀ မှာ ညီလာခံတွေ လုပ်ပြီးတော့မှ နောက်ဆုံး ဗဟိုညီလာခံ လုပ်မှာဖြစ်ပါတယ်။ ကျနော်တို့ပါတီရဲ့ ဒီမိုကရေစီနည်းကျ တည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်လို့ ပြောချင်တယ်။ ဒီလုပ်ငန်းတွေက အခုမှ စိတ်ကူးပေါ်ပြီးတော့ ထလုပ်တာမဟုတ်ဘူး။ ပါတီထောင်ပြီးတဲ့နောက်ပိုင်း ၈၈ ခု အောက်တိုဘာလလယ်မှာ ညီလာခံစီမံချက်များ ရေးဆွဲခဲ့တာ။ ရေးဆွဲခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ညီလာခံတွေ မလုပ်ဖြစ်ခဲ့ဘူး။ လုပ်ဖြစ်ပြန်တော့လည်း ရပ်ကျေးတွေ မလုပ်ရဘူး။ ရပ်ကျေးတွေ မလုပ်ရလို့ မြို့နယ်တွေ လုပ်ပြန်တော့လည်း ရန်ကုန်မြို့ပေါ် ၅ မြို့နယ်လောက် လုပ်လည်းပြီးရော ကျနော်တို့အကုန်လုံး ထောင်ထဲရောက်ကုန်တယ်။ အဲဒီအချိန်ကစပြီး ပါတီဟာ နောက်ဆုံးကျတော့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်မှုတွေ၊ ဟန့်တားမှုတွေ၊ ပိတ်ဆို့မှုတွေ ကြုံခဲ့ရာကနေပြီးတော့ နောက်ဆုံး ၂၀၁၀ မှာ ပါတီဖျက်သိမ်းခံရတဲ့အထိ ရောက်ခဲ့တယ်။ အဲဒီကနေပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့မှာ ပါတီကို တရားဝင် မှတ်ပုံတင်ခွင့်ရခဲ့တယ်။ မှတ်ပုံတင်ခွင့်ရတာကို ယူပြီးတော့ ကျနော်တို့ ညီလာခံတွေ လုပ်တာပဲ။ အဲတော့ ညီလာခံတွေဟာ အခုမှ စိတ်ကူးပေါ်ပြီးလုပ်တာ မဟုတ်ဘူး။ ပါတီကို ဒီမိုကရေစီနည်းကျ လျှောက်မယ်၊ ကျနော်တို့ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ ခံယူထားတဲ့အတိုင်းပဲ ဒီမိုကရေစီနည်းကျ လျှောက်မယ်လို့ လုပ်တာဖြစ်တယ်။ ခေါင်းဆောင် လူ ၁၀၀၊ ၂၀၀ စုပြီးတော့ လုပ်တာမဟုတ်ဘူး။ အခု ညီလာခံ လှုပ်ရှားမှုကြီးဟာ ပါတီဝင် အနည်းဆုံး ၆ သိန်း၊ ၇ သိန်းလောက်နဲ့ လုပ်တဲ့ လှုပ်ရှားမှုကြီးဖြစ်တယ်။” ဒီညီလာခံကနေ ဒေါ်အောင်ဆန်းစုကြည်ပါအ၀င် ပါတီရဲ့ခေါင်းဆောင်သစ်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်အသစ်တွေကို မဲပေးရွေးချယ်ကြမှာလည်း ဖြစ်ပါတယ်။ ညီလာခံအလွန်ကာလတွေမှာတော့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မူဝါဒသဘောထားသစ်တွေ ချမှတ်နိုင်လိမ့်မယ်လို့လည်း ဦးဝင်းတင်ကပြောပါတယ်။ “ကျနော်တို့ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကလည်း ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်း၊ စစ်မှန်တဲ့ပြည်ထောင်စုကြီး တည်ဆောက်တဲ့လုပ်ငန်းဆိုတဲ့ အဓိကကျဆုံးလုပ်ငန်းတွေမှာ လုပ်ငန်းအသစ်တွေ၊ စီမံချက်အသစ်တွေ၊ အယူအဆသစ်တွေနဲ့ သဘောထားအသစ်တွေ အများကြီးပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ဟာ ရပ်ကျေးအဆင့် ညီလာခံတွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက စတင်ကျင်းပနေတာဖြစ်ပြီး  တိုင်းနဲ့ပြည်နယ်အဆင့် ပါတီညီလာခံတွေကိုတော့  ခုလဆန်းပိုင်းကမှ စတင်ကျင်းပနေတာပါ။  မြို့ နယ် တချို့မှာတော့  ရပ်ကျေးညီလာခံကျင်းပရေးကော်မရှင်တွေကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024