စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုကိစ္စ ပြည်ပနိုင်ငံများကို ဗင်နီဇွဲလားသမ္မတ စွပ်စွဲ
DVB
·
December 25, 2019
အခုသီတင်းပတ်အတွင်း ဗင်နီဇွဲလား စစ်အခြေစိုက်စခန်းတခု တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ နောက်ကွယ်က တိုက်ခိုက်ရေးသမားတွေကို ဘရာဇီး၊ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံတွေက ထောက်ပံ့ပေးနေတာလို့ ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုက စွပ်စွဲလိုက်ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်တဲ့ ဗင်နီဇွဲလား ဝန်ကြီးတွေနဲ့ အစည်းအဝေးတခုမှာ သမ္မတ မာဒူရိုက အခုလို ပြောလိုက်တာပါ။
အခုသီတင်းပတ်အတွင်း ဘရာဇီးနိုင်ငံနဲ့ နယ်စပ်နား ဗင်နီဇွဲလားနိုင်ငံတောင်ပိုင်း ဘိုလီဗာပြည်နယ်က စစ်အခြေစိုက်စခန်းတခု တိုက်ခိုက်ခံရမှုအတွင်း ဗင်နီဇွဲလား စစ်သားတယောက် သေဆုံးခဲ့ပြီး တိုက်ခိုက်ရေးသမားတွေဟာ လက်နက်တွေကိုလည်း ခိုးသွားခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က တိုက်ခိုက်ရေးသမားတွေကို ဘရာဇီး၊ ပီရူးနဲ့ ကိုလံဘီယာနိုင်ငံတွေက ကူညီနေတာလို့ ဗင်နီဇွဲလား အစိုးရက စွပ်စွဲခဲ့တာပါ။
ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဒီဇင်ဘာ ၂၃ ရက်နေ့က ငြင်းဆိုခဲ့ပြီး ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ ပီရူး နိုင်ငံခြားရေးဝန်ကြီးကလည်း ထုတ်ပြန်ချက် အမှားတွေကို ပယ်ချခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ ဆိုရှယ်လစ်ဝါဒီ သမ္မတမာဒူရို လက်ထက်မှာ စီးပွားရေးကဏ္ဍ ပြိုလဲခဲ့ပြီး နိုင်ငံရေး အကျပ်အတည်း ပြဿနာနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ဒါ့ကြောင့် အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုက သူ့ကိုယ်သူ ဗင်နီဇွဲလား ယာယီသမ္မတအဖြစ် ကြေညာခဲ့ပြီး အနောက်နိုင်ငံတော်တော်များများကလည်း သူ့ကို ဗင်နီဇွဲလား ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားကြပါတယ်။