ကမ်းထောင်းကြီးမြို့တွင် ပျောက်ဆုံးသွားသူ အမျိုးသား၂ ဦးအား သတ်ဖြတ်မြှုပ်နှံထား
DVB
·
December 24, 2019
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှာ ဒီဇင်ဘာ ၁၈ ရက်က ပျောက်ဆုံးသွားတဲ့ ဦးနီသန်းနဲ့ ဦးကင်းချေတို့ နှစ်ဦးကို ရီထိုးတောင်နားမှာရှိတဲ့ ဦးနီသန်းရဲ့ လယ်တဲအနီးမှာ သတ်ဖြတ်ပြီး ကျင်းတခုမှာ မြှုပ်နှံထားတာကို ဆွေမျိုးတွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူဦးနီသန်းရဲ့သမက် ဦးသောင်းလှရွှေ က “ဦးနီသန်းရဲ့ အမျိုးသမီးရယ်၊ ဦးနီသန်း ရဲ့ ညီမရယ်၊ အကုန်လုံး ငါးယောက် သွားပြီးတော့ကြည့်တာပေါ့။ တဲမှာလည်း ဘာမှမတွေ့ဘူး။ စပါးပုံတွေလည်း အကုန်လုံး ဖျက်စီးထားတယ်။ တဲမှာလည်း အကုန်လုံးဖျက်ဆီး ထားတယ်။ အဲဒီပတ်ဝန်းကျင်ကိုလိုက်ရှာကြည့်တော့မှ သူတဲရဲ့ပေ ၃၀၀ ဝန်းကျင်လောက်ရှိတဲ့ လယ်ကွင်းထဲမှာ ဦးနီသန်းနဲ့ ချင်းအမျိုးသား ဦးကင်းချေတို့ကို သတ်ဖြတ်ပြီးတော့ ထပ်ပြီးမြုပ်ထားတာကို တွေ့ရတယ်”လို့ ပြောပါတယ်။
သေဆုံးသူဦးနီသန်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေမှာ လယ်ကွင်းထဲရှိ ရိတ်သိမ်း ထားတဲ့ စပါးတွေကို သယ်ဆောင်ဖို့သွားတဲ့အချိန်ခုလို အသတ်ခံခဲ့ရတာဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က ရီထိုးတောင် အတက်မှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း ဦးသောင်းလှရွှေ ကပြောပါတယ်။
အခုလို ဦးနီသန်းတို့နှစ်ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်လို့ တရားဝင် ထုတ်ပြန်ထားတာ မရှိသလို အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကတော့ “အခုကိစ္စကတော့ တပ်မတော်ဘက်ကရော၊ အေအေဘက်ကရော ဘယ်သူမှ မကြေညာ သေးဘူး။ ဒါပေမဲ့ ဆွေမျိုးသားချင်းတွေ ပြောပြချက်အရတော့ အဲဒီတိုက်ပွဲဖြစ်တဲ့အချိန်မှာ အဲဒီနေရာမှာ စစ်တပ်က ရှိနေတယ်။ သူတို့ပဲသတ်တယ်လို့ သူတို့ကပြောကြတယ် ပေါ့နော်၊ ကျနော်တို့ကလည်း တဘက်ကလည်း အဲဒါကို ဘယ်သူသတ်တယ်ဆိုတာကို လက်သည်တရားခံကိုလည်း စစ်တပ်ဘက်က ကြေညာချက်မထုတ်တော့ ရွာသားတွေရဲ့ပြောပြချက်ကိုပဲ ကြားသိရတာပေါ့။”လို့ ပြောပါတယ်။
သေဆုံးသူ ဦးနီသန်းနဲ့ ဦးကင်းချေတို့ရဲ့အလောင်းတွေမှာ ဓားနဲ့ခန္ဓာကိုယ်အနှံ့ကို လှီးဖြတ်ထားတာ တွေ့ရှိရပြီး သေဆုံးသူဦးကင်းချေကိုတော့ အရင်သင်္ဂြိုဟ်ခဲ့ပြီး ဦးနီသန်းကိုတော့ တနေ့က သင်္ဂြိုဟ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားလာတာဟာ တနှစ်ကျော် လောက် ကြာမြင့်လာတဲ့ အချိန်မှာ အရပ်သားပြည်သူ သေဆုံးသူ ၁၀၀ ကျော်လောက်ထိရှိနေပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀၀ ကျော်လောက်ရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ သိရပါတယ်။
သတင်း- နောင်နောင်