တိုင်းရင်းသားများနှင့် အစိုးရကြား နိုင်ငံရေးဆွေးနွေးပွဲများ မကြာခင်စမည်
အေးနိုင်
·
February 11, 2013
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီလကုန်ပိုင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်ဖို့ ပြင်ဆင်နေကြတယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အသိုင်းအ၀ိုင်းက ပြောပါတယ်။
အစိုးရ ငြိမ်းချမ်းရေးအကျိုးတောင်ဆောင် ဦးလှမောင်ရွှေကို ဒီဗွီဘီက မေးမြန်းရာမှာ တွေ့ဆုံဆွေးနွေးပွဲအတွက် နှစ်ဘက် ပြင်ဆင်နေကြကြောင်းနဲ့ လာမယ့် ဖေဖော်ဝါရီ ၁၉ ရက် သို့မဟုတ် နောက်ပိုင်းရက်တွေမှာ ဆွေးနွေးပွဲ အစပြုနိုင်ဖွယ် ရှိကြောင်း ပြောပါတယ်။
“ဦးနိုင်ဟံသာတို့နဲ့ ရက် ညှိနေတုန်းပဲ။ ၁၉-၂၀ လောက်ဖြစ်မယ်ထင်တယ်။”
ယူအန်အက်ဖ်စီနဲ့ အစိုးရ ငြိမ်းချမ်ရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ မနှစ်ကတည်းက သဘောတူထားတာဖြစ်ပြီး နောက်ဆုံးဖြစ်ထွန်း တိုးတက်မှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အပစ်ရပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မကြာခင်စတင်တော့မယ်လို့ နေပြည်တော်က အမ်အိုင်စီစီခန်းမမှာကျင်းပတဲ့ ဖိုရမ်မှာ ပြောခဲ့သလို ကေအိုင်အိုကို လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေကိုလည်း ရပ်ဖို့ အမိန့်ပေးထားပြီးပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒီနောက် ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တွေ့ဆုံပွဲပြန်စနိုင်ခဲ့ပါတယ်။
မနှစ်နှစ်ကုန်ပိုင်းတွေတုန်းက ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့ အတွက် ငွေကြေးစိုက်ထုတ် အကုန်ကျခံဖို့ ကမ်းလှမ်းခဲ့သလို ကမ္ဘောဒီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတွေမှာ နှစ်ဘက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါသေးတယ်။
ယူအန်အက်ဖ်စီဟာ ကေအန်ယူ၊ ကေအိုင်အို၊ ကေအန်ပီပီ၊ အက်စ်အက်စ်အေလို တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ မကိုင်တဲ့အဖွဲ့တွေရော စုပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေကြတာ ဖြစ်ပါတယ်။