မော်လမြိုင်ဈေးအတွက် ကျပ်သိန်း ၁၀၀ တန် ပန်ကာ တင်ဒါ ထပ်ခေါ်မည်
DVB
·
December 24, 2019
မော်လမြိုင် အမှတ် (၁) ဈေးမှာ ကျပ်သိန်း ၁၀၀ တန် ပန်ကာ ဝယ်ယူတင်ဆင်ဖို့ တင်ဒါ ခေါ်ထားပေမယ့် လျှောက်ထားသူ မရှိလို့ ဒုတိယအကြိမ်တင်ဒါကို ဇန်နဝါရီလမှာ ထပ်မံ ခေါ်ယူမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။
အခုဘဏ္ဍာရေးနှစ်မှာ မော်လမြိုင် အမှတ် (၁) ဈေးမှာ တပ်ဆင်ဖို့အတွက် ကျပ်သိန်း ၁၀၀ တန် ပန်ကာ ၁၆ လုံး ဝယ်ယူတပ်ဆင်သွားဖို့ မွန်ပြည်နယ် စည်ပင်ဌာနက စီစဉ်ထားတာ ဖြစ်ပါတယ်။
ပန်ကာဝယ်ယူတပ်ဆင်ဖို့ အောက်တိုဘာလကတည်းက တင်ဒါခေါ်ယူထားပေမယ့် တင်ဒါ ပိတ်တဲ့ နိုဝင်ဘာ ၈ ရက်နေ့အထိ လျှောက်ထားသူ မရှိခဲ့တာ ဖြစ်ပါတယ်။
ကျပ်သိန်း ၁၀၀ တန် ပန်ကာဝယ်ယူတပ်ဆင်မှုမှာ ပန်ကာတန်ဖိုး တခုတည်းမဟုတ်ဘဲ အခြား ဆက်စပ်လုပ်ငန်းတွေပါ ပါဝင်နေတဲ့အတွက်ကြောင့် တင်ဒါလျှောက်ထားသူ မရှိတာဖြစ်တယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ပြောပါတယ်။
ခုလို ကျပ်သိန်း ၁၀၀ တန် ပန်ကာတပ်ဆင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူတွေ အကြား ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။