သြစတြေးလျတောမီး ကူညီငြှိမ်းသတ်ပေးသည့် စေတနာ့ဝန်ထမ်းများကို လစာပေးမည်

933
သြစတြေးလျ တောမီး ကူညီငြှိမ်းသတ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို လစာနဲ့ ခွင့်ပေးမယ်လို့ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က ဒီဇင်ဘာလ ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။
နိုင်ငံတဝန်း တောမီးသင့်ဒေသတွေကို သွားရောက်ကြည့်ရှုစဉ်အတွင်း ဝန်ကြီးချုပ် မော်ရစ်ဆင်က ပြောလိုက်တာပါ။
နိုင်ငံတောင်ပိုင်း မောင့်ဘေကာမြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မော်ရစ်ဆင်က စေတနာ့ ဝန်ထမ်းမီးသတ်သမားတွေကို လစာနဲ့ အနည်းဆုံး ခွင့် တစ်လ ပေးဖို့ ဓနသဟာယအေဂျင်စီအားလုံးကို ညွှန်ကြားပြီးပြီလို့ ပြောပါတယ်။
မောင့်ဘေကာမြို့မှာ လောင်နေတဲ့တောမီးကြောင့် နေအိမ် ၈၇ လုံးနဲ့ တခြားအဆောက်အဦး ၅၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
နယူးဆောက်ဝေးပြည်နယ်က ထင်ရှားတဲ့ ဝိုင်ထွက်ရာဒေသမှာ တောမီးလောင်ကျွမ်းပြိးနောက် နိုင်ငံတောင်ပိုင်းနဲ့ ဆစ်ဒနီမြို့ပတ်လည်မှာ တောမီးတွေ ဆက်လောင်ကျွမ်းနေပါတယ်။
စက်တင်ဘာလကတည်းက စတင်လောင်နေတဲ့ သြစတြေးလျ တောမီးကြောင့် လူ ၉ ယောက် သေဆုံးခဲ့ပြီး မြေ ဧက ၁၀ သန်းနီးပါး လောင်ကျွမ်းခဲ့ပါတယ်။