လပွတ္တာ (ပင်လယ်လေး) တံတားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တက်ရောက် ဖွင့်လှစ်ပေး
DVB
·
December 24, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်မနက်က သွားရောက်ပြီး လပွတ္တာတံတား ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။
လပွတ္တာ(ပင်လယ်လေး)တံတားဟာ လပွတ္တာ - မြောင်းမြ - အိမ်မဲ လမ်းပေါ်မှာ ပင်လယ်လေးမြစ်ကို ဖြတ်ပြီး ကြိုးဆိုင်းတံတား အဖြစ် ၁၉၉၈ ခုနှစ်က စတင် ဖွင့်လှစ် အသုံးပြုခဲ့ပြီး
နောက်ပိုင်းမှာ တံတားခံနိုင်ဝန် ကျဆင်းခဲ့လို့ ပြုပြင် ပြင်ဆင်အဆင့်မြှင့် ဆောင်ရွက်ခဲ့ရတာပါ။
လပွတ္တာတံတားကို အဆင့်မြှင့်တင် ဆောင်ရွက်ရာမှာ ပင်မတံတား ၊ Steel Box Girder ၊ သံကူကွန်ကရစ် ဘိုးပိုင် အမျိုးအစာနဲ့ မြောင်းမြဘက်ကမ်းမှာ အရှည် ၃၇၀ ပေ ၊ ပင်မတံတား အရှည် ၆၀၀ ပေ ၊ လပွတ္တာ ဘက်ကမ်းမှာ အရှည် ၃၇၀ ပေ စုစုပေါင်း တံတားအရှည် ၁၃၄၀ ပေ ရှိပါတယ်လို့ ဆောက်လုပ်ရေးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပင်လယ်လေးတံတားပြီးစီးဖွင့် လှစ်ပေးခဲ့သည့် အတွက် ဒေသတွင်းသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်လာနိုင်တော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားတည်ဆောက်တာနဲ့ ပတ်သက်ပြီး ရေလယ်ခန်းတည်ဆောက်တာ၊ ချိတ်ဆက် လုပ်ငန်းတွေကို ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့ပြီး ခန်းဖွင့် အကျယ် စုစုပေါင်း ၃၉၆ ဒသမ ၂၄ မီတာရှိကြောင်း သိရပါတယ်။
ပင်လယ်လေးမြစ်ကူး မူလကြိုးတံတားဟောင်းမှာ ခံနိုင်ရည်ဝန် ကျဆင်းလာတဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၁)မှ ပြည်ထောင်စု ဘတ်ဂျက်နဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်က စတင်ကာ ပြန်လည်ပြုပြင်တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။
လပွတ္တာတံတားဟာ ရေလမ်းကင်းလွတ် အမြင့် ၂၉ ပေ၊ ရေလမ်းကင်းလွတ် အကျယ် ၁၉၂ ပေရှိပြီး တံတားခွင့်ပြုတန်ချိန် တန် ၆၀ ဖြစ်တယ်လို့လည်း သိရပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တံတားဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးနဲ့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြန်လည် ရောက်ရှိလာပါတယ်။
သတင်း - ကျော်စိုးမိုး၊ မင်းရာဇာ။ ဓာတ်ပုံ-MOC