ထူးဆန်းစွာပျောက်ဆုံးနေသည့် မော်လမြိုင်က ဆရာဝန်သားအဖ စီးသွားသည့်ကားကို မြစ်ထဲက ဆယ်ယူ
DVB
·
December 24, 2019
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ရက် ၂၀ လောက် ပျောက်ဆုံးနေတဲ့ ဒေါက်တာ အေးဇော်ထွန်းတို့သားအဖ ၂ ယောက် စီးသွားတဲ့ကားကို ရေငုပ်ရှာဖွေရာကနေ ဒီကနေ့မနက် မြစ်ထဲမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။
ဒီမနက်ပိုင်းက ညောင်ပင်ဆိပ်၊ အတ္ထရံမြစ်ထဲမှာ သံသယရှိစရာ ကားတစီး တွေ့ရတာကြောင့် ဆယ်ယူပြီးတွေ့ခဲ့တာပါ။
“ကားက ပက်လက်အနေအထားပါ။ ဒီမနက်ကတွေ့တာပါ” လို့ ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။
ရေငုပ်ကျွမ်းကျင်သူတွေနဲ့ ကားကို ဆယ်ယူခဲ့ကြတာဖြစ်ပြီး အထဲမှာတော့ ဆရာဝန် အလောင်းလို့ ယူဆရတာကို တွေ့ထားရပါတယ်။ ကားထဲမှာ ရွှံ့တွေနဲ့ပြည့်နေတာကြောင့် အထဲမှာ ကလေးပါ မပါကတော့ မသိရသေးပါဘူး။
တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်သူတွေဟာ ကားကို ကရိန်းနဲ့ မယူပြီး ဆေးရုံကို တခါတည်း ပို့ဆောင်လိုက်ကြပါတယ်။
ဒေါက်တာအေးဇော်ထွန်းနဲ့ အသက် ၃ နှစ်ခွဲအရွယ် သားဖြစ်သူ စသုတမွန်တို့ဟာ ဒီဇင်ဘာ ၅ ရက် ညနေ ၁၀ နာရီခွဲလောက်က မော်လမြိုင် ဖက်ခင်းလမ်းက ဧရာဝတီစားသောက်ဆိုင်မှာ မိတ်ဆွေတွေကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး အိမ်အပြန်လမ်းမှာ သားအဖ ၂ ယောက်အပြင် စီးသွားတဲ့ကားပါ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
စီစီတီဗွီ မှတ်တမ်းတွေအရ ဒေါက်တာအေးဇော်ထွန်းဟာ စားသောက်ဆိုင်မှ နေအိမ်အပြန် မော်လမြိုင်မြို့ မြိုင်သာယာ တိုင်းရင်းဆေးရုံအနားအရောက်မှာ စတင် ပျောက်ဆုံးခဲ့တာပါ။