Home
မြန်မာသတင်း
မြန်မာ့လျှပ်စစ်ကဏ္ဍတွင် တောင်ကိုရီးယားက ကန်ဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမြှုပ်နှံ
DVB
·
December 24, 2019
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချဖို့ ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမြှုပ်နှံမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။   ကိုရီးယားသမ္မတနိုင်ငံ MCM Power ကုမ္ပဏီက သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေး စက်ရုံတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချတဲ့လုပ်ငန်းကို  ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွှေတောင်ကျေးရွာရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံမှာ IPP (BOT) စနစ်နဲ့ မဂ္ဂါဝပ် ၄၀ ထုတ်လုပ်ရောင်းချမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့  ဟောင်ကောင်၊ စင်ကာပူနှင့် တရုတ်စတဲ့ နိုင်ငံတကာကုမ္ပဏီတွေက စိတ်ဝင် စားနေတယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ  ရခိုင်ပြည်နယ် ၊ မာန်အောင်ကျွန်းမှာ ၂၄ နာရီမီးရရှိရေးအတွက် POSCO Daewoo ကော်ပိုရေးရှင်း မှ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းရဲ့ လူမှုဝန်ယူမှုအစီအစဉ်နဲ့ ဆောင်ရွက်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ ဓာတ်အားပေးစက်ရုံကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ မြန်မာ့လျှပ်စစ်ကဏ္ဍမှာ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလ အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၅၆၂၃  သန်းကျော် ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တရားဝင်ထုတ်ပြန်ချက် အရ သိရပါတယ်။ လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ နိုင်ငံတော် ဓာတ်အားစနစ်ကနေ နိုင်ငံတဝန်း မီးသုံးစွဲသူ ၃၄ ရာခိုင်နှုန်း သာရှိခဲ့ရာက  ယခုအခါ ၅ဝ ဒသမ ၀၉ရာခိုင်နှုန်းအထိ တိုးတက် အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၁ မှာ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ မှာ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ၂၀၃၀ မှာ တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းနေတယ်လို့  အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024