Homeမြန်မာသတင်း
ပြည်မြို့တွင် မိဘမဲ့ကလေးနှစ်ယောက်အား တောင်းရမ်းခိုင်းသည့် လင်မယားကို ဖမ်းဆီးအမှုဖွင့်
ပြည်မြို့တွင် မိဘမဲ့ကလေးနှစ်ယောက်အား တောင်းရမ်းခိုင်းသည့် လင်မယားကို ဖမ်းဆီးအမှုဖွင့်
မင်းညို
·
December 23, 2019
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ မိဘမဲ့ကလေးနှစ်ယောက်ကို လိုက်လံ တောင်ရမ်းခိုင်းတဲ့ လင်မယားနှစ်ယောက်ကို ကလေးသူငယ်ဥပဒေနဲ့ ပြည်မြို့ ရဲစခန်းက ဖမ်းဆီးအမှုဖွင့် အရေးယူ လိုက်ပါတယ်။
ပြည်မြို့လမ်းဘေးကျူးကျော်တဲမှာ ဖခင်နဲ့အတူနေထိုင်နေတဲ့ ကလေးနှစ်ယောက်ဟာ ဖခင်သေဆုံး သွားချိန် ဆွေမျိုးတော်စပ်သူတွေရဲ့ ခေါ်ယူမွေးစားခံခဲ့ရပါတယ်။
အဒီနောက်ပိုင်းမှာ ကလေးနှစ်ယောက်ဟာ တယောက်ကို တနေ့ ကျပ် ၇၀၀၀ စီရအောင် လိုက်တောင်းရမ်းပေးရခဲ့ရပြီး ကျပ် ၇၀၀၀ မပြည့်တဲ့နေ့တွေမှာတော့ အဲဒီ့ဆွေမျိုးတော်စပ်တဲ့ လင်မယားက ရိုက်နှက်တာတွေရှိပါတယ်။
ဒါကြောင့် ကလေး နှစ်ယောက်ဟာ ထွက်ပြေးလာချိန်မှာ လမ်းပျော်က လေးများပပျောက်ရေးပူးပေါင်းအဖွဲ့ CSO အဖွဲ့နဲ့ တွေ့ရှိခဲ့လို့ အဲဒီ အဖွဲ့က ရဲတပ်ဖွဲ့ဆီအပ်နှံလိုက်တာပါ။
ကလေးငယ်တွေကို တောင်းရမ်းခိုင်းသူလက်ခုပ်ပင်ကျေးရွာနေ ဒေါ်ဝါဝါမွန် က “ဒီမောင်နှမ နှစ်ယောက်ကို ခေါ်ယူစောင့်ရှောက်ထားတာဖြစ်ပြီး အခုရက်ပိုင်းမှာ လင်ယောက်ျား လုပ်သူက နေမကောင်းတာကြောင့် ခဏပဲတောင်းခိုင်းတာ”လို့ ပြောပါတယ်။
ဒီကလေးငယ်နှစ်ဦးဟာ သူတို့အရင်နေခဲ့တဲ့ ကမ်းနားလမ်းဘေးက ကျူးကျော်တဲတွေဆီကို မကြာခဏထွက်ပြေးလာတဲ့အခါမှာ လက်ခံထားသူတွေကို တောင်ရမ်းခိုင်းတဲ့သူတွေက ပြဿနာ ရှာလေ့ရှိတယ်လို့ ကမ်းနားလမ်းဘေး ကျူးကျော်တဲတွေမှာနေထိုင်သူ ဒေါ်မိုးက ပြောပါတယ်။
ဒီဇင်ဘာ ၂၂ ရက် ညပိုင်းမှာ CSO အဖွဲ့တွေရဲ့သတင်းပေးချက်အရ မြို့မရဲစခန်းက တာဝန်ရှိသူတွေနဲ့ တောင်းရမ်းခိုင်းသူ လင်မယား နှစ် ယောက်ကို သွားရောက်ဖမ်းဆီးလိုက်ပါတယ်။
ဒီအမှုကို လူမှုဝန်ထမ်းဌာနအနေနဲ့ တရားလိုလုပ်ပြီး၊ တရားစွဲဆိုသွားမယ်လို့ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦး က ပြောပါတယ်။
ကလေးငယ် နှစ်ယောက်ကို လတ်တလော မြို့မရဲစခန်းမှာ ခဏခေါ်ယူစောင့်ရှောက်ထားပြီး၊ တောင်းရမ်းခိုင်းသူ လင်မယားကိုတော့ ဖမ်းဆီးထားကာ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၀၂ (ခ)နဲ့ အမှုဖွင့်ထားကြောင်း ပြည်မြို့မရဲစခန်းက နယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ် မြတ်သူစိုးက ပြောပါတယ်။