ဆီးရီးယားဒုက္ခသည်အရေး မကိုင်တွယ်နိုင်တော့ဟု  တူရကီသမ္မတ ပြော

Photo: REUTERS
တူရကီအစိုးရအနေနဲ့ ဆီးရီးယားနိုင်ငံကနေ အစုလိုက်အပြုံလိုက် ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေကို မကိုင်တွယ်နိုင်တော့ဘူးလို့ တူရကီသမ္မတ တေယစ်အာဒိုဂံက ပြောကြားလိုက်ပါတယ်။ ဆီးရီးယားအနောက်မြောက်ပိုင်းမှာ ပဋိပက္ခတွေ မရပ်ဘူးဆိုရင် အဲဒီသက်ရောက်မှုကို ဥရောပနိုင်ငံတွေလည်း ခံစားရလိမ့်မယ်လို့လည်း အာဒိုဂံက သတိပေးပါတယ်။ လက်ရှိမှာ ဆီးရီးယားနဲ့ မဟာမိတ် ရုရှားတပ်ဖွဲ့တွေဟာ သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်နယ်မြေ ဖြစ်တဲ့ အီဒလစ်ပြည်နယ်ကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။  ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ဟာ အီဒလစ်ပြည်နယ်ကို သူပုန်တွေဆီက ပြန်သိမ်းယူမယ်လို့ ကတိပြုထားပြီး လက်ရှိတိုက်ပွဲတွေကြောင့် အဲဒီဒေသက ဒုက္ခသည်တွေဟာ အိမ်နီးချင်း တူရကီနိုင်ငံဆီကို အစုလိုက် အပြုံလိုက် စီးဝင်လာနေတာပါ။  လက်ရှိမှာ အီဒလစ်ပြည်နယ်ကနေ တူရကီနိုင်ငံထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ အယောက် ၈၀၀၀၀ ကျော် ရှိတယ်လို့ သမ္မတ အာဒိုဂံက ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်တဲ့ ဆုပေးပွဲ အခမ်းအနားတခုမှာ ပြောပါတယ်။ ဒါ့ကြောင့် အီဒလစ်ဒေသအရေး ဆွေးနွေးဖို့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တူရကီ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ရုရှားနိုင်ငံ မြို့တော် မော်စကိုဆီ စေလွှတ်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဆီးရီးယားပြည်တွင်းစစ်အတွင်း ရုရှားက ဆီးရီးယားသမ္မတ အာဆတ်ကို ကျောထောက်နောက်ခံပေးထားပြီး တူရကီက သူပုန်အဖွဲ့ကို ထောက်ပံ့.ပေးနေတာပါ။  တူရကီဟာ အောက်တိုဘာလက ဆီးရီးယားနိုင်ငံအတွင်းက ကာဒစ်ရှ် တိုက်ခိုက်ရေးအဖွဲ့ဆီက နယ်မြေတွေကို ကျူးကျော် သိမ်းပိုက်ထားပါတယ်။ တူရကီအစိုးရဟာ တူရကီထဲမှာ အရင်ကတည်းက လက်ခံထားရတဲ့ ဆီးရီးယား ဒုက္ခသည် ၁ သန်းကို ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ ပြန်နေရာချထားဖို့ နိုင်ငံတကာဆီက အထောက်အပံ့ရရေး ကြိုးစားနေတာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up