မတ်လကုန်အထိ စာသင်ကာလတိုးမြှင့်မှု ဆရာ၊ ဆရာမများအဖွဲ့ချုပ် ပြင်းထန်စွာကန့်ကွက်
DVB
·
December 23, 2019
အခြေခံပညာ ကျောင်းတွေရဲ့ စာသင်ကာလ တိုးမြှင့်ထားတဲ့ကိစ္စအပေါ် ပြန်လည်သုံးသပ်ပြီး မူလအတိုင်းသာ ဆက်လက်ထားရှိဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၂ ရက် မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အခြေခံပညာ ကျောင်းတွင်းစစ် စာမေးပွဲတွေကို တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပဖို့နဲ့ မတ်လကုန်အထိ ကျောင်းတက်ဖို့ အခြေခံပညာဦးစီးဌာနက စီစဉ်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။
မတ်လကုန်အထိ ကျောင်းတက်ရပါက ကျောင်းသူ ကျောင်းသားတွေ နားနေချိန် လျော့နည်းသွားစေနိုင်တာ၊ မတ်လအတွင်း အခြားအတန်းတွေမှာ ပညာသင်ကြားရေးတာဝန်တွေ ထမ်းဆောင်နေစဉ် စတုတ္ထတန်း၊ အဋ္ဌမတန်းနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေအတွက် တာဝန်တွေပါ တစ်ပြိုင်တည်း ထမ်းဆောင်ရမှာဖြစ်လို့ ဆရာ၊ ဆရာတွေအတွက် ဝန်ပိစေမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပိုမိုပူပြင်းလာတဲ့ရာသီဥတုအရ ကျေးလက်နေ ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ အသက်အရွယ် ကြီးရင့်တဲ့ ဆရာကြီး၊ ဆရာမကြီးများအတွက် ကျန်းမာရေး ထိခိုက်နိုင်သလို စားဝတ်နေရေးနဲ့ ကျောင်းစရိတ်အတွက် အဆင်မပြေတဲ့ မိသားစုတွေအတွက် အခက်အခဲရှိနိုင်တယ်လို့လည်း ထောက်ပြထားတာဖြစ်ပါတယ်။
ဒါကြောင့် မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်တာကို ဆရာ/ ဆရာမများ အဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ပါကြောင်းနဲ့ ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းကြောင်း သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခြေခံပညာဦးစီးဌာနကတော့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသူကျောင်းသား တွေအတွက် စာသင်ချိန်နည်းနေတဲ့ အတွက် စာသင်ချိန်ပိုမိုရရှိစေဖို့ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။