နိုင်ငံသားဥပဒေကို ဆန္ဒပြသူ ၁၅၀၀ ကျော်ကို အိန္ဒိယရဲဖမ်းဆီ

အိန္ဒိယနိုင်ငံတဝန်းမှာ နိုင်ငံသားဆိုင်ရာ ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြနေကြရာမှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ဆန္ဒပြသူ ၁၅၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် ဆန္ဒပြလူအုပ်နဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တွေ့ဆုံမှုအတွင်း နောက်ထပ်ဆန္ဒပြသူ အယောက် ၄၀၀၀ ကိုဖမ်းဆီးခဲ့ပေမယ့် သူတို့ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ တာဝန်ရှိသူ တွေက ပြောပါတယ်။ အိမ်နီးချင်း ၃ နိုင်ငံက မွတ်စလင် မဟုတ်တဲ့ တိုင်းရင်းသားတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ့်ဥပဒေမူကြမ်းကို ဒီဇင်ဘာ ၁၁ ရက်မှာ အိန္ဒိယလွှတ်တော်က အတည်ပြုအပြီး ခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီအချိန်ကတည်းက အဓိကရုဏ်းဆန္ဒပြပွဲတွေကြောင့် လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အနက် သေဆုံးသူ ၁၅ ယောက်ဟာ အိန္ဒိယရဲ့လူဦးရေ အထူထပ်ဆုံး ဥတ္တရာ ပရာဒေ့ရှ်ပြည်နယ်တခုတည်းမှာ သေဆုံးခဲ့တာပါ။ နိုင်ငံသားဆိုင်ရာဥပဒေသစ်အရ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကနေ အိန္ဒိယနိုင်ငံဆီကို ၂၀၁၅ ခုနှစ်မတိုင်ခင်က လာခဲ့တဲ့ မွတ်စလင် မဟုတ်သူတွေကို အိန္ဒိယနိုင်ငံသား ဖြစ်ခွင့်ပေးသွားမှာပါ။ အိန္ဒိယနိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ နေဝင်းမီးငြိမ်းအမိန့် ထုတ်ပြန်ထားပြီး လုံခြုံရေး တင်းကျပ်ထားပေမယ့် ဒီဇင်ဘာ ၂၁ ရက်အထိ ဆန္ဒပြပွဲတွေ အရှိန်ကောင်းနေဆဲပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up