ဆောင်းခိုငှက်ကာကွယ်ရေးအတွက် ငှက်ဖမ်းဆီးသူများကို အပြစ်ပေးအရေးယူ
DVB
·
December 22, 2019
မန္တလေးတိုင်းထဲက ပုလိပ်အင်း၊ စွန်ရဲအင်း၊ တောင်သမန်အင်းနဲ့ ပျူကန်အင်းတွေမှာ ဆောင်းခိုငှက်စောင့်ရှောက်ရေးကို အလေးထားလုပ်ဆောင်နေပြီး ငှက်ဖမ်းဆီးသူတွေကို စတင် အရေးယူနေပြီဖြစ်တယ်လို့ မန္တလေးတိုင်းသစ်တောလုံခြုံရေးရဲတပ်ဖွဲ့က ပြောပါတယ်။
သစ်တောလုံခြုံရေးရဲတပ်ဖွဲ့အနေနဲ့ တောဆင်းရိုင်းကာကွယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတဲ့အပြင် ၂၀၁၈ ခုနှစ်ကစပြီး ဆောင်းခိုငှက်စောင့်ရှောက်ရေးလုပ်ငန်းကို လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ မတ်လအထိ ဆောင်းခိုငှက် လာရောက်တဲ့ကာလမှာတော့ ဖမ်းဆီးသူတွေကို အရေးမယူခဲ့ပေမယ့် အခုနှစ်မှာတော့ ဇီဝမျိုးစုံမျိုးကွဲဥပဒေတွေနဲ့ စတင် အရေးယူမှုရှိလာပြီလို့ သိရပါတယ်။
သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ တိုင်းကြီးကြပ်သူအရာရှိ ဒုရဲမှူးမင်းထိုက်ကျော်က "ဒီနှစ်မှာတော့ ဆောင်းခိုငှက်ကလည်း ရေအနေအထားဘာညာနဲ့ ဖမ်းတဲ့သူတွေက ရှေ့တိုးပြီး လုပ်လာတာပေါ့။ ကျနော်တို့ ပုလိပ်နယ်မြေရဲစခန်းမှာ တရားခံသုံးယောက်ကို ဖမ်းဆီး အရေးယူထားတာရှိပါတယ်။ ဒါကြောင့်လည်း မီဒီယာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားတဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့လည်း ဒါလုပ်ရင် ဒီလိုအရေးယူခံရမှာပါလား ဆိုတာကိုသိတဲ့အတွက်ကြောင့်မို့လို့လုပ်တဲ့သူတော့ တော်တော်လေးနည်းသွားတယ်"လို့ ပြောပါတယ်။
မြန်မာနိုင်ငံကို ဆောင်းခိုငှက်လာရောက်တဲ့ရာသီဟာ ဒီဇင်ဘာကနေ မတ်လအထိ သတ်မှတ် ထားတာဖြစ်ပြီး ပုံမှန်ဆောင်းခိုငှက်တွေအပြင် ရှားပါးမျိုးစိတ် ဆောင်းခိုငှက်တွေပါ လာရောက်ကြ ပါတယ်။
ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၁၈၀ ကျော်ရှိကာ ဒီငှက်တွေကို ဖမ်းဆီးသတ်ဖြတ်ပါက ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ တွေနဲ့ အရေးယူနိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ် ဆယ်နှစ်အထိ ချမှတ်နိုင်ပါတယ်။
ဆောင်းခိုငှက်တွေကို ဖမ်းဆီးသတ်ဖြတ်တာဟာ ဇီဝမျိုးစုံမျိုးကွဲနဲ့ ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာစေနိုင်တဲ့အတွက် စောင့်ရှောက်နေကြတာဖြစ်ပြီး လူတွေအနေနဲ့လည်း နားလည်သိရှိဖို့ လိုအပ်တယ်လို့ မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ပြောပါတယ်။
"လူတွေက ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအတွက်ပေါ့နော်၊ လူတွေက ငှက်တွေကို ဖမ်းပြီး အရောင်းအဝယ်လုပ်ကြခြင်းအားဖြင့် ဖြေရှင်းကြရတာပေါ့။ တကယ့်တကယ်ကျတော့ သိပ် နည်းလမ်းတော့မမှန်ဘူး။ ရေငှက်တွေရဲ့ အကောင်ရေ လျော့ကျစေတယ်။ မျိုးတုံးစေတယ်။ အရင်တုန်းက လူနည်းစုလေး လုပ်ကိုင်စားသောက်တဲ့ဟာမှာ ဒီဘက်ခေတ်မှာ လူများစု ဖြစ်လာတဲ့ခါကျတော့ အင်နဲ့ အားနဲ့ ဖြစ်လာတယ်။ နောက်တခု ပိုးသတ်ဆေးလိုဟာမျိုး၊ ပြီးတော့ ပိုက်ကွန်နဲ့တားတဲ့စနစ်တွေက တအားကြီးထွားလာတယ်။ ဒါတွေက ရေရှည်မကောင်းဘူး"
ဆောင်းခိုငှက်ဖမ်းဆီးသတ်ဖြတ်သူတွေဟာ အဆိပ်ချ ဖမ်းဆီးတာနဲ့ ပိုက်ထောင်ဖမ်းဆီးမှုတွေကို အဓိကလုပ်ကိုင်တာဖြစ်ပြီး အင်း ၄ အင်းအနီးအနားက ကျေးရွာ တွေမှာ ကွင်းဆင်းတာ၊ အသိပညာပေးတာ၊ လှည့်ကင်းဆောင်ရွက်တာတွေကို သစ်တောရဲတပ်ဖွဲ့ အနေနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဈေးတွေမှာ ငှက်တွေရောင်းချမှု မရှိစေဖို့ကိုလည်း စည်ပင်တာဝန်ရှိသူတွေနဲ့ပူးပေါင်း ဆောင်ရွက်နေတဲ့အပြင် ဆောင်းခိုငှက်ဖမ်းဆီးရောင်းချတတ်သူတွေကိုခေါ်ယူ အသိပညာပေးတာ တွေ၊ ခံဝန်ကတိလက်မှတ် ထိုးခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။
ထိန်ထိန်လင်း