ကော့သောင်းတွင် သက်တမ်းလွန် ဆေးဝါး၊ အစားအသောက်နှင့် အလှကုန်များမီးရှို့ဖျက်ဆီး
DVB
·
December 22, 2019
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ စားသုံးဖို့ မသင့်တဲ့ သက်တမ်းလွန် ဆေးဝါး၊ အစားအသောက်နဲ့ အလှကုန်ပစ္စည်းတွေကို ဒီဇင်ဘာ ၂၀ ရက်နေ့က မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
ကော့သောင်းမြို့ ၁၀ မိုင်ကျေးရွာရှိ စည်ပင်အမှိုက်ကန်မှာ ပြုလုပ်တဲ့ မီးရှို့ ဖျက်ဆီးပွဲမှာ အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က သိမ်းဆည်းထားတဲ့ သက်တမ်းလွန်ပစ္စည်းတွေကို မီးသတ်၊ ရဲစတဲ့ ဌာနဆိုင်ရာ တာ၀န်ရှိသူတွေက သက်တမ်းလွန် ဆေးဝါးတွေ၊ သက်တမ်းလွန် အသင့်စားမုန့်ထုပ်တွေ၊ အချိုရည်ဘူးတွေနဲ့ အလှကုန်ပစ္စည်းတွေကို ဖွင့်ဖောက် မီးရှို့ ဖျက်ဆီးကြတာပါ။
ကော့သောင်းခရိုင် အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး တာဝန်ခံ ဒေါက်တာရဲဂေါင်တင်က“၂၀၁၉ ဒုတိယနှစ်ဝက်ထဲမှာ ကော့သောင်းမြို့နယ်ထဲက သိမ်းဆည်းရမိတဲ့ သက်တမ်းလွန် အစားအသောက်နဲ့ တားမြစ်ဆေးဝါးတွေ၊ တားမြစ်အလှကုန်တွေကို ဖျက်ဆီးတာပါ။ အသင့်ထုပ်ပိုးပြီး သက်တမ်းကုန် အစားအသောက် ၈၆ မျိုး၊ တားမြစ်နဲ့ သက်တမ်းကုန် အလှကုန် ၁၃ မျိုး၊ တားမြစ်နဲ့ သက်တမ်းကုန် ဆေးဝါး ၂၄ မျိုးကို မီးရှို့ ဖျက်ဆီးတာ ဖြစ်တယ်” လို့ ပြောပါတယ်။
မီးရှို့ ဖျက်ဆီးလိုက်တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကျပ် ၁၀သိန်းဖိုးလောက် ရှိတယ်လို့လည်း သိရပါတယ်။
လတ်ကိုကိုဦး