မင်းပြားတွင် မူးယစ်ဆေးရောင်းချသုံးစွဲသူများကို ပြင်းထန်စွာအရေးယူမည်ဟု သတိပေးစာကပ်
DVB
·
December 22, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်က ရပ်ကွက်တွေထဲမှာ အနာဂါတ်ရခိုင်လူငယ်တွေအတွက် မူးယစ်ဆေးဝါးရောင်းသူတွေနဲ့ သုံးစွဲသူတွေကို ပြင်းထန်စွာအရေးယူသွားမယ်လို့ ရေးသားထားတဲ့ စာတွေကို ဒီဇင်ဘာ ၂၁ ရက်က လျှပ်စစ်မီးတိုင်တွေမှာ ကပ်ပြီး သတိပေးထားပါတယ်။
မင်းပြားမြို့က ရပ်ကွက် ၈ ခုစလုံးမှာ စာတွေလိုက်ကပ်ထားတာဖြစ်ပြီး ရပ်ကွက်တခုထဲမှာကို ၅ နေရာ ၆ နေရာလောက်ကပ်ထားတာတွေ့ရတယ်လို့ မင်းပြားမြို့ခံ ကိုသိန်းစံက ပြောပါတယ်။
“ဒီလိုအသိပေးတာ ကြိုဆိုပါတယ်။ အခုကပ်ထားတာက အေအေဘက်က ကပ်တာလား၊ ဘယ်သူကပ်လည်းဆိုတာ မသိဘူး။ မကြာသေးခင် ရက်ပိုင်းကတော့ မြောက်ဦးမြို့မှာ မူးယစ်ဆေး သုံးတဲ့လူငယ် ၂၀ ကို အေအေက ထိန်းသိမ်းထားတယ်လို့ သတင်းတွေမှာတွေ့ရတယ်။ လက်ရှိ အစိုးရ၊ မူးယစ်တပ်ဖွဲ့တို့၊ ရဲတို့က ဖမ်းမှ မဖမ်းကြတာဗျာ"
အခုလို အသိပေးစာတွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပထမဆုံးကပ်ပြီးနောက် မြောက်ဦးမြို့မှာလည်း သတိပေးစာတွေကပ်ခဲ့ဖူးပြီး အခု မင်းပြားမြို့ဟာ တတိယမြောက် အသိပေးစာ ကပ်ခံရတဲ့မြို့ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်ညကတော့ ရက္ခိုင့်တပ်တော် (အေအေ)က မြောက်ဦးမြို့ထဲဝင်ပြီး မူးယစ်ဆေးဝါးသုံးတဲ့ လူငယ် ၂ဝ ကျော်ကို ဖမ်းခေါ်ဆောင်သွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမှု အခြေအနေဆိုးရွားနေပြီး စိတ်ကြွမူးယစ်ဆေးတွေ ဖမ်းဆီးရမိမှုတွေလည်း မကြာခဏရှိနေပါတယ်။
ကောင်းကောင်း