Home
မြန်မာသတင်း
အမှန်တရားပေါ်ပေါက်ရန်  ကူရာကယ်ရာမဲ့ဖြစ်နေဟု ဗစ်တိုးရီးယား၏ ဖခင်ပြော
နေဖြိုးဝင်း
·
December 21, 2019
မူကြိုကျောင်းသူလေး ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရတဲ့အမှုမှာ သံသယတရားခံ ကိုအောင်ကြီးကို ပြန်လည်လွတ်မြောက်သွားပြီးနောက် တရားခံပျောက်ဆုံးနေပြီး အမှုမှန် ပေါ်ပေါက်ဖို့ လမ်းစပျောက်နေတယ်လို့  ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။  “လမ်းစပြတ်သွားတာပေါ့။ အမှန်တရားပေါ်ဖို့အတွက် ကူကယ်ရာမဲ့နေတဲ့  အခြေအနေဖြစ်နေတယ်” လို့ ဗစ်တိုးရီးယားလေးရဲ့ ဖခင်ဖြစ်သူက ဆိုပါတယ်။ ၂၀၁၉ ခုနှစ် မေလက Wisdom Hill မူကြိုကျောင်းမှာ တက်နေတဲ့ ဗစ်တိုးရီးယားလေးဟာ လိင်အကြမ်းဖက်ခံခဲ့ရတာဖြစ်ပြီး ကျောင်းရဲ့ ယာဉ်မောင်းဖြစ်သူ အောင်ကြီးကို သံသယတရားခံအဖြစ် ပထမအကြိမ်ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ သက်သေမခိုင်လုံတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်တစ်ကြိမ် သံသယတရားခံအဖြစ် ပြန်လည်ဖမ်းဆီးခံရပြီး ရုံးထုတ်စစ်ဆေးနေခဲ့ရာကနေ ၆ လအကြာမှာ ကျုးလွန်ကြောင်း မပေါ်ပေါက်တဲ့အတွက် ဒီဇင်ဘာ ၁၈ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။ “ ရဲတပ်ဖွဲ့က အောင်ကြီးတရားခံဖြစ်တယ်လို့ အထက်တရားရုံးတွေ ထပ်လျှောက်ရင်လည်း နှစ်နှစ်ခွဲ သုံးနှစ်လောက် ကြာမယ်။ တရားခံပေါ်တဲ့ လမ်းကြောင်းတော့ မဟုတ်ဘူး။ တရားရုံးမှာ ထွက်ချက် သက်သေခံချက်တွေအပေါ် မူတည်ပြီး တရားသူကြီးကိုယ်တိုင်က တရားရှင်လွှတ်ပေး လိုက်တာလေ။ တရားရုံးမှာထွက်ထားတဲ့ သက်သေခံချက်တွေ၊ အထောက်အထားတွေ ပေါ်မူတည်ပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးရင်တော့ ပိုပြီးနီးစပ်မယ်ထင်တယ်”လို့ ဗစ်တိုးရီးယားရဲ့ ဖခင်က ပြောပါတယ်။ ကိုအောင်ကြီးလွတ်မြောက်ပြီး နောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အောင်ကြီးကို သက်သေစုံအောင်စစ်ပြီးမှ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်သင့်သလို ဘာကြောင့်လွှတ်ပေးလိုက်ရတယ်ဆိုတဲ့ တရားရုံးရဲ့ စီရင်ချက်ရရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။  ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဒက္ခိဏသီရိခရိုင်တရားရုံးဘက်က အောင်ကြီးကို ဥပဒေနဲ့အညီ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ မီဒီယာတွေကို ဖြေဆိုခဲ့ပါ တယ်။ ရဲတပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားရဲ့ အမည်အရင်း၊ မိဘဆွေမျိုးတွေရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေ ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် ပြည်သူတွေကြား ဝေဖန်မှုတွေရှိခဲ့သလို ဒါဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့လည်း ငြိစွန်းနေတယ်လို့ ထောက်ပြကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024