Home
မြန်မာသတင်း
ICJ ကြေညာချက်ကိစ္စ ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်ပါတီတွေအကြား သဘောထားကွဲ
ဇေယျာချမ်းအေး
·
December 21, 2019
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အိုင်စီဂျေ တရားရုံးမှာ အမှုရင်ဆိုင်ဖို့သွားရောက်တဲ့ကိစ္စကို ထောက်ခံကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တပါတီတည်း ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် မဟာမိတ်ပါတီ ၂၀ အကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်စီဂျေခရီးစဉ်ကိုထောက်ခံကြောင်းနဲ့  လိုအပ်ရင် ပူးပေါင်း ကူညီသွားမယ်လို့ ကြံ့ခိုင်ရေးပါတီက ဒီဇင်ဘာ ၅ ရက်နေ့မှာ တပါတီတည်း သီးသန့် ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ အရင်က ကြေညာချက်ထုတ်ပြန်ပါက မဟာမိတ်ပါတီတွေကို အသိပေးဆွေးနွေးပြီး ပူးပေါင်း ကြေညာချက်ထုတ်ပြန်လေ့ရှိပေမယ့် ဒီကိစ္စမှာတော့  ကြံ့ခိုင်ရေးပါတီက တပါတီထဲသီးခြား ထုတ်ပြန်ကြေညာခဲ့တာဖြစ်လို့ မဟာမိတ်ပါတီ ၂၀ အကြားမှာ သဘောထား ကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။  မဟာမိတ် ပါတီ ၂၀ ထဲက ပါတီတချို့က အဖွဲ့ထဲကထွက်မယ်လို့ အသံတွေထွက်ပေါ်ခဲ့ပြီး နောက်နောင် ကြံ့ခိုင်ရေးပါတီနဲ့ ပူးတွဲကြေညာချက်တွေမထုတ်ပြန်တော့ဘူးလို့လည်း သဘောထားတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပါတီ ၂၀ မဟာမိတ်မဖွဲ့ခင်ကတည်းက သဘောတူညီချက်တွေအတိုင်း အဖွဲ့ဝင်တွေဟာ လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိတယ်လို့ ကြံ့ခိုင်ရေးပါတီ  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။ ပါတီ ၂၀ထဲမှာ ပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကတော့ မဟာမိတ်အဖွဲ့ဟာ နိုင်ငံရဲ့အကျိုးစီးပွားအတွက် လိုအပ်ရင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။ နိုင်ငံအတွက်လိုအပ်ရင် ဘယ်ပါတီနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောပါတယ်။ ကြံ့ခိုင်ရေးအပါအဝင် ပါတီ ၂၀နဲ့ ဆက်ဆံရေးနီးစပ်ခဲ့တဲ့ပါတီတစ်ခုကတော့ ပါတီ ၂၀ ဟာ မူဝါဒခံယူချက်အတွက် ပူးပေါင်းခဲ့တာမဟုတ်ဘဲ ရွေးကောက်ပွဲအခွင့်အရေးအတွက် ပူးပေါင်းခဲ့တာလို့ သုံးသပ်ပါတယ်။ အဲဒီ အတွက် သဘောထားမတိုက်ဆိုင်ရင် လွတ်လပ်စွာဆုံးဖြတ်ကြလိမ့်မယ်လို့  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၂၀ တို့ဟာ နိုဝင်ဘာ ၂ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို ကန့်ကက်ကြောင်း ပူးတွဲသဘောတူညီချက်ကို နောက်ဆုံးအနေနဲ့ ထုတ်ပြန်ထားပါတယ်။  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဟာမိတ်မူဝါဒအမျိုးမျိုးပြောင်းလဲ နိုင်တဲ့အတွက် လက်ရှိဖြစ်စဉ်ဟာမထူး ဆန်းတဲ့အကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024