သမိုင်းဝင် ဝန်ကြီးများရုံးတွင် ဖွင့်လှစ်မည့် အရက်ဘားအတွက် ကန့်ကွက်စာမရောက်သေး
DVB
·
December 21, 2019
ရန်ကုန်မြို့ရှိ အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရတဲ့ သမိုင်းဝင် ၀န်ကြီးများရုံးဝန်းထဲမှာ ဖွင့်လှစ်တော့မယ့် အရက်ဘားဆိုင်အတွက် ကန့်ကွက်လွှာ တစောင်မှ ရောက်မလာသေးဘူးလို့ ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
ဝန်ကြီးများရုံးထဲမှာ ယမကာဘားဖွင့်လှစ်ဖို့ ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းစာကို နိုဝင်ဘာ ၂၇ ရက်နဲ့ ဒီဇင်ဘာ ၉ ရက်တွေမှာ မြို့နယ်ထွေ/အုပ်ရုံးက ဝန်ကြီးများရုံးအတွင်း ကပ်ထားခဲ့ပါတယ်။
“အဲ့ဒီစာတွေနဲ့ပတ်သက်လို့ ကန့်ကွက်မယ့်စာ တစောင်မှ ရောက်မလာသေးဘူး”လို့ ဗိုလ်တထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောပါ တယ်။
ပြီးခဲ့တဲ့လပိုင်းက ဝန်ကြီးများရုံးအတွင်း ဖွင့်ခဲ့တဲ့ ကျန်းမာရေးစင်တာကို ကန့်ကွက်မှုတွေရှိလို့ ပိတ်သိမ်းခဲ့ရပြီးနောက်မှာတော့ အခု ယမကာဘားဖွင့်လှစ်မယ့်ကိစ္စ ထပ်မံပေါ်ထွက်လာတာပါ။
အနော်မာကုမ္ပဏီကို ဝန်ကြီးများရုံးပြုပြင်ထိန်းသိမ်းဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ စားသောက်ဆိုင်တွေမပါသလို အနော်မာကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ လွှတ်တော်မှာ ခေါ်ယူဆွေးနွေးတုန်းကလဲ အရက်ဘီယာဆိုင်တွေ မဖွင့်ဘူးလို့ ကတိပေးထားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီဝင် ဦးလှဌေးက ပြောပါတယ်။
ဝန်ကြီးများရုံးအတွင်းမှာ ယမကာဘားဖွင့်ဖို့ ယစ်မျိုးလိုင်စင်ကို ပိုင်ရှင်အမည်ပြောင်း၊ လိပ်စာပြောင်းအနေနဲ့ လုပ်ငန်း(၂)ခုက ထွေ/အုပ်ရုံးမှာ လျှောက်ထားခဲ့ပါတယ်။
အခုလို ယမကာဘား ဖွင့်လှစ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေကြားမှာ ဝေဖန်တာတွေ မြင့်တက်နေပါတယ်။
သင်းသင်းဇော်