အာဆင်နယ်အတွက် သွေးစက်တိုင်းကို ပေးဆပ်သွားမည်ဟု နည်းပြသစ် အာတီတာ ပြော

(Image: Arsenal FC via Getty Images)
အာဆင်နယ်အသင်းရဲ့ အနေအထားကို ပြောင်းလဲချင်ကြောင်းနဲ့ အသင်းအတွက် အစွမ်းကုန် ပေးဆပ်သွားဖို့ စီစဉ်ထားတယ်လို့ အာဆင်နယ်အသင်း နည်းပြသစ် မီခေးအာတီတာက ပြောပါတယ်။ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း အာတီတာဟာ နည်းပြသစ်အဖြစ် အမ်းမရိတ်ကို သောကြာနေ့မှာ တကျော့ပြန်ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် ချုပ်ဆိုထားပါတယ်။ အာဆင်နယ်အသင်း နည်းပြသစ် ဖြစ်လာတဲ့ သူ့အပေါ်မှာ ထင်မြင်ယူဆချက်များစွာ ထွက်ပေါ်နေပြီး တချို့ကတော့ အတွေ့အကြုံနည်းသေးတဲ့ သူ့ကို နည်းပြခန့်လိုက်တာက စွန့်စားမှုတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော် သူတို့ရဲ့ စိုးရိမ်မှုအပေါ် နားလည်ပေးနိုင်ပါတယ်။ ဒီအသင်း တိုးတက်လာရေးအတွက် ကျနော့်ရဲ့သွေးစက်တိုင်းကို ပေးဆပ်သွားပါ့မယ်” လို့ အသက် ၃၇ နှစ်အရွယ် နည်းပြသစ် အာတီတာက ပြောပါတယ်။ “ဒီအလုပ်အတွက် မသင့်တော်သေးဘူးလို့ ခံစားခဲ့ရရင် ကျနော် ဒီအလုပ်ကို လက်ခံခဲ့မှာ မဟုတ်ပါဘူး။ ကျနော် အိမ်ကိုပြန်ရောက်လာသလို ခံစားရပါတယ်။ ကျနော် အရမ်းကို ပျော်ရွှင်နေပြီးတော့ အာဆင်နယ်လို အသင်းမျိုးရဲ့ နည်းပြအဖြစ် အခွင့်အရေး ပေးခံရခြင်းအပေါ်လည်း ဂုဏ်ယူမိပါတယ်။ ဒီလို စိန်ခေါ်မှုမျိုးအတွက် ကျနော်  ပြီးခဲ့တဲ့ နှစ်တွေကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့တာပါ။ မျှော်လင့်ချက်တွေ၊ အဆင့်အတန်းတွေ၊ ဒီအသင်းရဲ့ အနေအထားနဲ့ ထိုက်တန်တဲ့ နေရာတွေကို ကျနော် သိထားပါတယ်။ ကျနော် ဒီစိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒီအသင်းက ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ လက်တွဲအလုပ်လုပ်ဖို့ကို မစောင့်နိုင်တော့အောင်ပါပဲ” လို့ သူက ထပ်ပြောပါတယ်။ အာတီတာဟာ အာဆင်နယ် နည်းပြသစ်ရာထူးကို လက်ခံဖို့အတွက် ပက်ဂွါတီယိုလာရဲ့ လက်ထောက်နည်းပြရာထူးကနေ နုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။ အာတီတာနဲ့ ပက်တို့ နှစ်ဦးဟာ မန်စီတီးအသင်းကို ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ “ပက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကတော့ အံ့မခန်းပါပဲ” လို့ အာတီတာက သူ့လက်တွဲဖော် နည်းပြကို ထုတ်ဖော်ချီးကျူးပါတယ်။  “ဘာမှ မထောက်ထားဘဲ ပြင်းပြင်းထန်ထန် အလုပ်လုပ်ဖို့ကို ကျနော် သူ့ဆီကနေ သင်ယူနိုင်ခဲ့ပါတယ်။ အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေက ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေလဲ ဆိုတာကို အသင်းသားတွေနဲ့ ဝန်ထမ်းတွေ ယုံကြည်ဖို့ပဲ ဖြစ်ပါတယ်။ အသင်းမှာ အောင်ပွဲဆာလောင်မှုကို ရရှိဖို့ ခင်ဗျားအနေနဲ့ နေ့ရက်တိုင်းမှာ အညှာအတာကင်းကင်းနဲ့ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ခင်ဗျားအတွက် နေ့ရက်တိုင်း၊ ဆောင်ရွက်ချက်တိုင်းက အရေးကြီးပါတယ်” လို့လည်း သူက ပြောပါတယ်။ အာဆင်နယ်အသင်းအတွက် ပထမဦးစားပေးအဖြစ် ကစားသမားတွေရဲ့ စွမ်းအားကို ပြောင်းလဲဖို့ စီစဉ်ထားပြီး ကစားသမားတွေကို သူ ဘာလိုချင်လဲ ဆိုတာနဲ့ လိုချင်တဲ့အရာကို ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုပါ အသိပေးသွားမယ်လို့ ဆိုပါတယ်။ “ကစားသမားတွေအနေနဲ့ မတူညီတဲ့ အတွေးအခေါ်မျိုးကို လက်ခံဖို့ လိုပါတယ်။ ပြီးတော့ အသင်းမှာရှိတဲ့ လူတိုင်းဟာလည်း တူညီတဲ့ ခံယူချက်တွေ ရှိနေရပါမယ်။ ကျနော်တို့အနေနဲ့ ကျန်တဲ့သူတွေကို ထိန်းထားနိုင်တဲ့ အစဉ်အလာတခုကို ဖန်တီးဖို့ လိုအပ်ပြီး တော့ ကျနော်တို့မှာသာ မှန်ကန်တဲ့လမ်းကြောင်း မရှိဘူးဆိုရင် အသင်းဟာလည်း ယိုင်နဲ့လာမှာပါပဲ။ ကစားသမားတွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့ ချက်ချင်း အကျိုးသက်ရောက်မှုတွေ လိုအပ်နေသလို  အဆုံးသတ် ပြောရရင် ပရိသတ်တွေကိုပါ လိုအပ်ပါတယ်” လို့လည်း အာဆင်နယ် နည်းပြသစ်က အာတီတာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up