ရန်ကုန်-ပြည် မြန်နှုန်းမြင့်ရထားပြေးဆွဲရန် စစ်တမ်းကောက်ယူ
မင်းညို
·
December 21, 2019
ရန်ကုန်-ပြည် မြန်နှုန်းမြင့် မီးရထားခရီးစဉ် ပြေးဆွဲဖို့ ရထားလမ်းဘေး နေသူတွေနဲ့ ကျူးကျော်တွေကို တွေ့ဆုံပြီး အကြိုစစ်တမ်း စကောက်နေပါတယ်။
လက်ရှိ ၇ နာရီခွဲ ကျော်ကြာအောင်မောင်းနှင်နေတဲ့ ရန်ကုန်-ပြည် ရထားလမ်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ အကူအညီယူပြီး ၃ နာရီခွဲနဲ့ မြန်နှုန်းတိုးမြှင့်မောင်းနှင်ဖို့ စလုပ်တော့မှာပါ။
အဲဒီအတွက်ရထားလမ်းဘေးတွေမှာကပ်ပြီးနေထိုင်နေတဲ့အိမ်တွေ၊ ဆိုင်တွေနဲ့ စိုက်ခင်းပိုင် ရှင်တွေနဲ့ တွေ့ဆုံပြီး အကြိုစစ်တမ်းတခုကို ADB ဘဏ်နဲ့မြန်မာ့မီးရထားက တာဝန်ရှိသူတွေ ကောက်ယူနေတာဖြစ်ပါတယ်။
လတ်တလောအနေနဲ့ ရန်ကုန်နဲ့ ပြည်ကို ပြေးဆွဲနေတဲ့ မီးရထားဟာ တနာရီ ကီလို ၆၀နှုန်းနဲ့ မောင်းနှင်နေတာဖြစ်ပြီး အခုလုပ်မယ် မြန်နှုန်းမြင့်ရထားကတော့ တနာရီ ကီလို ၁၂၀ နှုန်းနဲ့ မောင်းနှင်မှာဖြစ်ပါတယ်။
ဒါကြောင့် ရထားလမ်းဘေးနှစ်ဘက် ၃၃ ပေအကွာမှာ အုတ်တံတိုင်းအမြင့်နဲ့ ရထားလမ်းတလျှောက်ကာရံမှာဖြစ်တာကြောင့် မလွတ်ကင်းတဲ့အိမ်တွေနဲ့ ဆိုင်တွေ ဖယ်ပေးရမှာ ဖြစ်လို့ ထိုက်သင့်တဲ့ လျော်ကြေးတွေပေးမှာ ဖြစ်တယ်လို့ မြန်မာမီးရထားဌာနက သိရပါတယ်။
အခုစီမံကိန်းဟာ ရန်ကုန်မြို့ လှော်ကားဘူတာကနေ ပြည်အထွက်မှော်ဇာအထိဖြစ်ပြီး၊ တရားဝင်ကားဖြတ်လမ်း ၂၀ ရှိပါတယ်။ ရန်ကုန်- ပြည် ရထားလမ်းဟာ ၁၆၁ မိုင်ရှိပြီး မြန်မာနိုင်ငံမှာ ပထမဆုံးဖောက်ခဲ့တဲ့ ရထားလမ်းဖြစ်ပါတယ်။