သန့်ရှင်းလှပအောင်လုပ်ပေးထားသည့် ရန်ကုန်နောက်ဖေးလမ်းကြားအချို့ အမှိုက်များပြန်ပြည့်နေ
ချမ်းမြေ့မောင်
·
December 21, 2019
ရန်ကုန်မြို့ကို နေချင်စဖွယ်မြို့တော်ဖြစ်အောင် နောက်ဖေးလမ်းကြားတွေကို သန့်ရှင်းသပ်ရပ်အောင် အဆင့်မြှင့်တာတွေ လုပ်ခဲ့ပေမယ့် အခုဆို ရန်ကုန်နောက်ဖေးလမ်းကြားတွေဟာ အမှိုက်တွေ ပြန်ပြည့်နှက်နေတဲ့အပြင် ရေမြောင်းတွေလည်း ပိတ်ဆို့နေပါပြီ။
နောက်ဖေးလမ်းကြားအဆင့်မြှင့်တင်ရေးလုပ်ငန်းတွေကို ရန်ကုန်မြို့တော်စည်ပင်က လုပ်ဆောင်ခဲ့ပြီးတဲ့နောက် တိုက်ခန်းနေပြည်သူတချို့ရဲ့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတွေကြောင့် အမှိုက်တွေပြည့်နှက်လာပြီး ရေမြောင်းပိတ်ဆို့တွေဖြစ်လာတာပါ။
အခုလိုအခြေအနေမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာနဲ့ပတ်သက်လို့ စည်ပင်အနေနဲ့ စောင့်ကြည့်အရေးယူဖို့ လက်လှမ်းမမှီ ခဲယဉ်းနေပေမယ့် နောက်ဖေးလမ်းကြား အမှိုက်ပစ်တာကို မြို့နယ်ရပ်ကွက်အလိုက် လမ်းသာယာရေးအဖွဲ့တွေ တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး စည်ပင်ဥပဒေမှာပါတဲ့အတိုင်း ဒဏ်ငွေ ရိုက်နိုင်အောင်ဆောင်ရွက်သွားမယ်လို့ စည်ပင်တာဝန်ရှိသူ က ပြောပါတယ်။
တိုက်ခန်းနေပြည်သူတွေအနေနဲ့ မိမိနေထိုင်ရာဝန်းကျင်မှာ သန့်သန့်ရှင်းရှင်းနဲ့ နေချင်စဖွယ်ဖြစ်ဖို့ဆိုရင် စည်းကမ်းရှိဖို့လိုပြီး အထူးသဖြင့် ပလတ်စတစ်လျော့ချသုံးစွဲဖို့လည်းလိုတယ်လို့ နောက်ဖေးလမ်းကြားအဆင့်မြှင့်တင် စီမံကိန်းလုပ်ဆောင်နေတဲ့ ဒို့အိမ်အဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
၂၀၁၆-၂၀၁၇ဘတ်ဂျက်မှာ ရန်ကုန်မြို့တော်စည်ပင်ကနေ နောက်ဖေးလမ်းကြား အဆင့်မြှင့် တင်ရေးလုပ်ငန်းစဉ်ဆိုပြီး နောက်ဖေးလမ်းကြားတွေကို ကွန်ကရစ်ခင်းတာတွေနဲ့ ရေမြောင်း သန့်ရှင်းရေးတွေ လုပ်ခဲ့ပါတယ်။