ကလေးစစ်သားနှစ်ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် မိဘများ တောင်းဆို
DVB
·
December 20, 2019
ရှမ်းပြည်နယ်တောင်ပိုင်းက ကလေးစစ်သားနှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုတွေက သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ယင်းမင်္ဂလာကျေးရွာက အသက် ၁၅ နှစ် အရွယ် မောင်အာဗြာဟန်နဲ့ ဆီဆိုင်မြို့နယ် အောင်ကလပ်ကျေးရွာက အသက်၁၆ နှစ်အရွယ် ဉာဏ်ရည်မသန်စွမ်းတဲ့ မောင်အောလွီစေးတို့ဟာ အခုနှစ်ထဲမှာ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတာပါ။
ဒီလိုကလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့အပေါ် မိသားစုဝင်တွေက ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်က အိုလံပစ်တာဝါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မောင်အာဗြာဟန်ကို တပ်ကြပ်ကြီးတဦးက ငွေယူပြီး တပ်မှာ ကလေးစစ်သားအဖြစ် သွင်းပေးခဲ့တဲ့အပေါ် မိသားစုဝင်တွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အတည်ပြုချက်တွေ ရှေ့နေတွေကတဆင့် ပြန်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ မိခင်ဖြစ်သူ ဒေါ်မူဒန်းက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ်ရွာက မောင်အောလွီစေးဟာ ဉာဏ်ရည်ချို့တဲ့နေတဲ့ ကလေးတဦးဖြစ်သလို အမည်မသိသူတဦးရဲ့ ခေါ်ဆောင်တာခံရပြီး မိဘ တွေက ရဲစခန်းမှာ လူပျောက်တိုင်ကြားထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီမောဆို့မြို့နယ်က ခမရ ၄၂၇ မှာ ကလေးစစ်သားအဖြစ်ရောက်ရှိနေပြီး စစ်မှုထမ်းသက်တမ်း ၅ နှစ်စာချုပ်မှာ လက်မှတ်ရေးထိုးထားရတယ်လို့ မိခင်ဖြစ်သူ ဒေါ်ဆိုးနေဖောက ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာ ကလေးစစ်သားစုဆောင်းမှုကို တိုင်းရင်းသားလက်နက်ကိုင်တွေရော တပ်မတော်ကပါ စုဆောင်းမှုတွေရှိပြီး တိုင်းရင်းသားတပ်တွေက ၆ လောက်ကြာရင်ပြန်ပို့တာရှိပေမဲ့ တပ်မတောဘက်မှာတော့ ဝင်ပြီးရင် ပြန်ထွက်ဖို့ မလွယ်ဘူးလို့ နိုင်ငံရေးနှင့်လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးတာဝန်ခံ ခွန်ဂျွန်သန်းက ပြောပါတယ်။
ကလေးစစ်သားအသုံးပြုမှု ပပျောက်ဖို့အတွက် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အစိုးရနဲ့ ကုလသမဂ္ဂအကြား သဘောတူညီမှုရရှိထားသလို ၂၀၁၉ မတ်လအထိ ကလေးစစ်သား ၉၈၇ ဦးကို မိဘဆီ လွှဲအပ်ပေးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း ILO က ထုတ်ပြန်ထားတာရှိပါတယ်။
စိုးမိုးအောင်