ယာဉ်မောင်းကိုအောင်ကြီးကို ဥပဒေနှင့်အညီ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ဟု တရားရုံးတုံ့ပြန်
အောင်ကိုကိုလတ် (နေပြည်တော်)
·
December 20, 2019
ယာဉ်မောင်း ကိုအောင်ကြီးကို ဆွဲတင်လာတဲ့ အချက်တွေပေါ်မှာပဲ စစ်ဆေးပြီး ဥပဒေနဲ့အညီ ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ နေပြည်တော်ဒက္ခိဏခရိုင်တရားရုံး တာဝန်ရှိသူက ပြောပါတယ်။
ဗစ်တိုးရီးယားအမှုက သံသယတရားခံ ကိုအောင်ကြီးကို ဒီဇင်ဘာ ၁၈ ရက်က တရားရှင်လွှတ်ပေးလိုက်တာဟာ စောလွန်းပြီး အံ့သြမိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ ခုလို ဖြေကြားမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေက ဒီကနေ့ ဒက္ခိဏခရိုင်တရားရုံးကို သွားရောက်မေးမြန်းခဲ့ကြရာမှာ တရားရုံး တာဝန်ရှိသူက အခုလိုဖြေကြားခဲ့တာပါ။
သတင်းပြန်ကြားရေးအရာရှိ ဒုတိယရိုင်တရားသူကြီး ဒေါ်ဖြူဝင်းလတ်က “စွပ်စွဲခံရသူ လွှတ်တယ် စောတယ်ဆိုတာ ကျမတို့ကတော့ ဘာမှ ပြောခွင့်မရှိပါဘူး။ သူတို့ဆွဲတင်လာတဲ့ အချက်တွေပေါ်မှာပဲ ကျမတို့ကနေပြီးတော့ စစ်ဆေးပေးတယ်။ အဓိက မျက်မြင်သက်သေတွေ၊ ကျောင်းမှာ တကယ်တာဝန်ထမ်းဆောင်သူတွေအခင်းဖြစ်တယ်ဆိုတဲ့ Wisdom Hill ကျောင်းမှာဖြစ်ပွားတယ်ဆိုတဲ့ တင်ပြချက်တွေအပေါ်မှာ ကျမတို့က သက်သေတွေအားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်တဲ့ အတွက်ကြောင့် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃ (၂) အရပဲ ဆွဲချက်မတင်မီ လွှတ်လိုက်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။
သံသယတရားခံ ကိုအောင်ကြီးဟာ ၆ လကျော် အချုပ်နဲ့တရားရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒီအမှုရဲ့ လူသက်သေ ၂၆ ထဲက ၁၉ ဦးကို စစ်ဆေးပြီးချိန်မှာ သူ့ကို တရားရှင်လွှတ်ပေးဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့ပါတယ်။
ကိုအောင်ကြီးပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မနေ့က နေပြည်တော်မှာ မီဒီယာတွေကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားလေးရဲ့ အမည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် အများပြည်သူတွေက လူမှုကွန်ရက်တွေပေါ်ကနေ ရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ရဲ့ သတင်းမီဒီယာတွေအပေါ် ဖြေကြားမှုတွေနဲ့ အမှုအတွက် အချက်အလက်တွေကွဲလွဲနေတယ်ဆိုတဲ့ ပြောဆို ဝေဖန်မှုတွေကလည်း သတင်းစာရှင်းလင်းပွဲ အပြီးမှာ ပိုမိုမြင့်တက်နေပါတယ်။